ဝက်ခြံတွေဆိုတာ မိန်းကလေးတိုင်းကို စိတ်ဓာတ်ကျစေတဲ့အရာတစ်ခုပါပဲ။ အရမ်းကိုလှချင်လွန်းလို့ အသားအရေကိုထိန်းသိမ်း ပြင်ဆင်နေကြပေမယ့် ဝက်ခြံတွေပေါက်တော့ မလှမပဖြစ်ပြီဆိုတဲ့စိတ်နဲ့ အရမ်းကိုဝမ်းနည်းကြရပါတယ်။ ဝက်ခြံပေါက်ရုံတစ်ခုထဲလားဆိုတော့လည်း မဟုတ်သေးပါဘူးနော်။

ဝက်ခြံပေါက်တဲ့အချိန်မှာဖြစ်တဲ့ နီမြန်းတာတွေ၊ ဝက်ခြံကြောင့် ကျန်နေခဲ့တဲ့အမာရွတ်တွေဆိုတာလည်း ရှိသေးတော့ တော်တော်လေးကို စိတ်ညစ်ဖို့ကောင်းစေပါတယ်။ ဝက်ခြံဖြစ်တဲ့အခါမှာ နီမြန်းတာတွေကိုလျော့နည်းစေဖို့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်နော်။

ရေအေးဝတ်ကပ်ပေးဖို့လိုပါလိမ့်မယ်

မျက်နှာအသားအရေပေါ်မှာ ဝက်ခြံထွက်တာကြောင့်ဖြစ်တဲ့ နီမြန်းမှုတွေကိုလျော့နည်းစေဖို့အတွက်ဆိုရင် ပြုလုပ်ပေးရမှာကတော့ အဝတ်သန့်သန့်တစ်ခု ထဲကို ရေခဲတွေထည့်ပြီး မျက်နှာပြင်ပေါ်မှာရှိတဲ့ နီမြန်းနေတဲ့နေရာတွေပေါ်ကို ကပ်ထားပေးရမှာပဲဖြစ်ပါတယ်။ ရေခဲရဲ့အေးတဲ့ဓာတ်က အသားအရေမှာ ရှိနေတဲ့ နီမြန်းနေတာတွေကိုလျော့နည်းစေဖို့ အများကြီးအထောက်အကူဖြစ်နေစေပါတယ်နော်။

အေးနေအောင်လုပ်ထားတဲ့ သခွားသီး

သခွားသီးကို ပါးပါးလေးတွေလှီးပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီလောက်ထည့်ထားလိုက်ပါ။ မျက်နှာကိုသေချာသန့်စင်ထားပေးပြီး ရေခဲသေတ္တာထဲ ထည့်ထားတဲ့ သခွားသီးကို မျက်နှာပြင်တစ်ခုလုံးမှာ နာရီဝက်လောက်ကပ်ထားပေးလိုက်ပါ။ သခွားသီးမှာပါဝင်နေတဲ့ ရေဓာတ်ကြောင့် အသားအရေကို စိုပြေလာစေပြီး နီမြန်းတာတွေကိုလည်း လျော့နည်းစေမှာပဲဖြစ်ပါတယ်။

ရေအေးနဲ့ပဲ မျက်နှာသစ်ပေးပါ

ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းတာတွေကိုခံစားနေရတဲ့သူတွေအနေနဲ့ မျက်နှာသစ်တဲ့အခါမှာ ရေနွေးအစား ရေအေးကိုပဲအသုံးပြုဖို့ သင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေအေးကအသားအရေပေါ်မှာဖြစ်နေတဲ့ နီမြန်းတာတွေ၊ ယောင်ရမ်းတာတွေကို လျော့နည်းစေဖို့ အထောက်အကူ ဖြစ်စေတာကြောင့်ပါ။

တကယ်လို့ ပျိုမေတို့ရဲ့မျက်နှာပေါ်မှာဖြစ်နေတဲ့ နီမြန်းနေတာတွေကြောင့် စိတ်ညစ်နေရတယ်ဆိုရင် ဒီနည်းလမ်းလေးတွေအတိုင်း လိုက်နာကြည့်မယ်ဆိုရင်တော့ သိသိသာသာပဲ သက်သာလာစေမှာဖြစ်ပါတယ်နော်။

Photo Source: Pinterest