တစ်ခါတစ်လေမှာ ဟော်မုန်းအပြောင်းအလဲကြောင့်ပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းတာတွေကြောင့် ကျောနောက်တွေမှာ ဝက်ခြံဖြစ်နေတာ မျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ မျက်နှာကဝက်ခြံတွေကိုပဲ ပျောက်ကင်းအောင်လုပ်လို့ရတာမဟုတ်ပါဘူး။ ကျောနောက်မှာရှိနေတဲ့ ဝက်ခြံတွေကိုလည်းပျောက်ကင်းစေမယ့် အလွယ်တကူရရှိနိုင်တဲ့ပစ္စည်းတွေနဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်နော်။

ပျားရည်

ပျားရည်က ဝက်ခြံဖြစ်နေတဲ့နေရာတွေကို ရေဓာတ်ဖြည့်ပေးနိုင်ပြီး ဝက်ခြံတွေကိုသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ ရေမချိုးခင်အချိန်မှာ ပျားရည်စစ်စစ်ကို ဝက်ခြံတွေရှိနေတဲ့ ကျောနေရာမှာသေချာလိမ်းပေးထားလိုက်ပြီး ၁၅ မိနစ်လောက်ထားထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ရေချိုးပေးပြီး သန့်စင်လိုက်ပါ။ တစ်နေ့ကို ရေနှစ်ခါချိုးရင် နှစ်ခါစလုံးလုပ်ပေးပြီး နေ့တိုင်းလုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေကိုလျော့နည်း သက်သာလာစေမှာပဲဖြစ်ပါတယ်။

ဆနွင်းမှုန့်

ဆနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို သံလွင်ဆီနဲ့ရောပြီး အနှစ်ဖြစ်သွားအောင်လုပ်ပေးလိုက်ပါ။ ရေမချိုးခင်အချိန်မှာ လိမ်းပေးပြီး ၁ နာရီလောက်ထားထားပေးဖို့လိုပါလိမ့်မယ်။ အလွယ်တကူရရှိနိုင်တဲ့ ပစ္စည်းတွေဖြစ်လို့ နေ့တိုင်းလုပ်ပေးပြီး ဂရုစိုက်ပေးမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ သက်သာလာစေမှာပါ။

ရေနွေးကြမ်း

ရေချိုးတဲ့အခါမှာ ရေနွေးကြမ်းနဲ့ အရင်ချိုးပေးပြီးမှာ ရိုးရိုးရေနဲ့ပြန်ပြီးချိုးပေးတဲ့ နည်းလမ်းကလည်း ကျောနောက်မှာရှိနေတဲ့ ဝက်ခြံတွေကို လျော့နည်းစေမယ့် နည်းလမ်းကောင်းပဲဖြစ်ပါတယ်။ နေ့တိုင်းလည်း ရေနွေးကြမ်း ၃ ခွက် ၄ ခွက်လောက်ပုံမှန်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆိပ်တောက်တွေပြေလျော့ပြီး ဝက်ခြံတွေကိုသက်သာလာစေမှာပါ။