မျက်ကပ်မှန်ဆိုတာက အရင်တုန်းကတော့ မျက်စိပါဝါအရမ်းများနေတဲ့သူတွေ တပ်ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ဒီဇိုင်းဆန်းပြီးလှပတဲ့ အလှတပ်မျက်ကပ်မှန်တွေကလည်း ဈေးကွက်ထဲမှာပေါများလာတာကြောင့် သုံးစွဲသူတွေလည်းများလာတာကို တွေ့ရပါတယ်။ မျက်စိပါဝါကြောင့် မျက်ကပ်မှန်တပ်တဲ့သူတွေလည်းရှိသလို အလှတပ်တဲ့သူတွေလည်းရှိပါတယ်။

ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် မျက်လုံးထဲကိုထည့်ပြီး အသုံးပြုရတဲ့ပစ္စည်းဖြစ်တာကြောင့် မျက်စိကျန်းမာရေးအတွက် မဖြစ်မနေလိုက်နာသင့်တဲ့ အချက်တွေကိုလည်း သိထားရမှာပဲဖြစ်ပါတယ်။

ညဖက်အိပ်ချိန်တွေမှာ ဝတ်မထားသင့်ပါဘူး

မျက်ကပ်မှန်တပ်တဲ့သူတွေ မဖြစ်မနေသတိထားရမယ့်အချက်ကတော့ ညဘက်အိပ်တဲ့အချိန်တွေမှာ မျက်ကပ်မှန်ကိုတပ်ထားထာတွေပဲဖြစ်ပါတယ်။ နေ့ခင်းဘက်တွေမှာ မျက်လုံးကိုဖွင့်ထားတဲ့အချိန်တွေမှာ မျက်လုံးထဲမှာရှိနေတဲ့ မျက်ရည်တွေကြောင့် အောက်စီဂျင်ကောင်းစွာရရှိနေပြီး၊ ညဘက်အိပ်တဲ့အချိန်တွေမှာ မျက်လုံးကိုပိတ်ထားရတော့ လိုအပ်တဲ့အောက်စီဂျင်ကို မရရှိနေနိုင်ပါဘူး။

ညဘက်အိပ်နေတဲ့အချိန်မှာ မျက်ခွံက သင့်မျက်လုံးကိုဖိထားမိနေတာကြောင့် မျက်ကပ်မှန်ကိုလည်းဖိမိနေပြီး မျက်ကြည်လွှာနဲ့ မျက်ကပ်မှန်ကလည်း အရမ်းကပ်နေတာကိုခံစားရပြီး ရောဂါပိုးဝင်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်ကပ်မှန်တွေကို မနက်ပိုင်းလို အပြင်သွားခါနီး အချိန်တွေမှသာ တပ်သွားသင့်ပြီး ညဘက်အိပ်ခါနီးအချိန်တွေမှာတော့ မဖြစ်မနေချွတ်ထားသင့်ပါတယ်။

မျက်ကပ်မှန်တပ်ဖို့အတွက် အချိန်တစ်ခုရေးဆွဲထားပါ

ဒီအချက်ကိုတော့ သိပ်နားမလည်ဘူးဖြစ်သွားပါလိမ့်မယ်။ မျက်ကပ်မှန်တပ်ဖို့အတွက်ကို ဘာကြောင့် အချိန်တစ်ခုရေးဆွဲရမှာလဲပေါ့။ စဉ်းစားရတာတစ်မျိုးတော့ဖြစ်နေပေမယ့် လုပ်သင့်တဲ့အရာတစ်ခုပါ။ မျက်ကပ်မှန်ကို အချိန်တော်တော်ကြာကြာတပ်ထားမယ်ဆိုရင်တော့ မျက်လုံးထဲကိုရောဂါပိုးဝင်ရောက်မှုကို ပိုဖြစ်စေနိုင်ပြီး မျက်လုံးထဲမှာ ခြောက်ကပ်တာတွေ၊ မျက်ကြည်လွှာပျက်စီးမှုတွေကို ဖြစ်စေနိုင်ပါတယ်

မျက်ကပ်မှန်ဆေးတဲ့နည်းလမ်းမှန်ဖို့လည်း အရေးကြီးပါတယ်

မျက်ကပ်မှန်ကိုဆေးတဲ့အခါမှာလည်း လက်တွေနဲ့ထိတွေ့ပြီး ကိုင်တွယ်ရမှာဖြစ်တဲ့အတွက်ကြောင့် လက်တွေကိုလည်း သန့်ရှင်းနေအောင်ထားဖို့လည်း အရေးကြီးပါတယ်။ မျက်ကပ်မှန်တွေကို လက်နဲ့ကိုင်တွယ်တော့မယ်ဆိုရင် သန့်ရှင်းခြောက်သွေ့တဲ့လက်ဖြစ်နေရမှာဖြစ်ပြီး လက်ကို ရေခြောက်အောင် သုတ်တဲ့အခါမှာလည်း အမွှေးမျှင်တွေပေါတဲ့ မျက်နှာသုတ်ပဝါမျိုးနဲ့ မသုတ်သင့်ပါဘူး။

ပဝါမှာရှိနေတဲ့ အမွှေးမျှင်တွေကလက်မှာကပ်ပါသွားပြီး မျက်ကပ်မှန်ကို ကိုင်တွယ်တဲ့အခါမှာ လက်ကနေတစ်ဆင့်မျက်ကပ်မှန်ကိုကပ်ပါပြီး မျက်လုံးထဲကိုဝင်ရောက်မှုတွေလည်း ဖြစ်စေနိုင်ပါတယ်။ သန့်ရှင်းပြီး အသစ်ဖြစ်တဲ့ မျက်ကပ်မှန်ဆေးရည်ထဲကိုပဲ ထည့်ပြီးသေချာသန့်စင်အောင် ဆေးသင့်ပါတယ်။

မျက်ကပ်မှန်ထည့်တဲ့ဘူးလေးနဲ့ သေချာသိမ်းဆည်းပါ

မျက်ကပ်မှန်တွေကို သိမ်းဆည်းတဲ့အခါမှာ မျက်ကပ်မှန်ထည့်တဲ့ဘူးလေးတွေနဲ့ သေချာသိမ်းဆည်းထားသင့်ပါတယ်။ မျက်ကပ်မှန်ထည့်တဲ့ ဘူးလေး တွေကိုလည်း နှစ်လ သုံးလလောက်နေရင်တစ်ခါ လဲပေးသင့်ပါတယ်။ မျက်ကပ်မှန်ထည့်တဲ့ဘူးမှာ ဘက်တီးရီးယားတွေကို အလိုလို ကပ်တွယ်နေစေနိုင်တာကြောင့် မျက်ကပ်မှန်ထည့်တဲ့ဘူးတွေကို မကြာခဏဆိုသလို လဲလှယ်ပေးသင့်ပါတယ်။

ရေချိုးတဲ့အချိန်တွေ၊ ရေကူးတဲ့အချိန်တွေမှာ မျက်ကပ်မှန်ကိုချွတ်ထားပေးပါ

ရေချိုးတဲ့အခါနဲ့ ရေကူးတဲ့အချိန်တွေမှာ မျက်ကပ်မှန်ကိုတပ်ထားမယ်ဆိုရင်တော့ မျက်လုံးထဲကို ရေဝင်နိုင်တာကနေတဆင့် ရောဂါပိုး ဝင်ရောက်နိုင်မှုတွေကို များစွာဖြစ်နိုင်ချေရှိပါတယ်။ ဒါကြောင့် ရေချိုးတွေမယ့်အချိန်တွေ၊ ရေကစားတော့မယ့်အချိန်တွေမှာဆိုရင် မျက်ကပ်မှန်ကို အရင်ချွတ်ထားသင့်ပါတယ်။

Photo Source: Pinterest