မျက်စိဆိုတာ လူတစ်ယောက်အတွက်အရမ်းကိုအရေးပါတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပါ။ လက်ကျိုးသွားရင် တစ်ခြားလက်တစ်ဖက်နဲ့ လုပ်ကိုင်ပြီးနေထိုင်သွားလို့ရပေမယ့် ကံမကောင်းလို့မျက်စိမမြင်တော့တဲ့အခါမှာ လက်မရှိတာထက်ပိုပြီးတော့ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လူဖြစ်ပြီးလူဖြစ်ရှုံးသွားသလိုမျိုးပဲပေါ့။

ဘဝတစ်လျှောက်လုံးအတွက် အရမ်းကိုအရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ မျက်စိကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်တယ်လို့ဆိုချင်ပါတယ်။ ပေါ့ဆလို့မဖြစ်ပဲ မဖြစ်မနေကိုမျက်စိဆရာဝန်နဲ့ သွားပြီးပြသင့်ပြီဆိုတာကိုဖော်ပြနေတဲ့အရာတွေကို ပြောပြပေးချင်ပါတယ်။ သင့်မှာဒီလို လက္ခဏာတွေဖြစ်နေပြီဆိုရင် မျက်စိဆရာဝန်ဆီကို အမြန်ဆုံးသွားတွေ့သင့်ပြီနော်။

အလင်းရောင်ထဲကိုကြည့်တဲ့အခါမှာ ကြည်ကြည်လင်လင်မြင်ရတာမျိုး မဟုတ်ပဲအရိပ်တစ်ခုခုလိုလို၊ အပ်ချည်မ ျှင်လိုမျိုး အရာလေးတွေကို မြင်တွေ့နေရတယ်ဆိုရင်တော့ ဒါကကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး။ မျက်လုံးထဲမှာရှိနေတဲ့သွေးကြောတွေ ဆုတ်ပြဲသွားတာမျိုးကြောင့် ဒီလိုမျိုးတွေဖြစ်တာဆိုတော့ ပေါ့ဆနေလို့တော့မဖြစ်ဘူးနော်။ အမြန်ဆုံး မျက်စိဆရာဝန်နဲ့သွားတွေ့ပြီး ကုသမှုခံယူသင့်ပါပြီ။

မျက်လုံးတွေနီရဲလာပြီး ယားယံတာမျိုးကလည်း မပေါ့ဆသင့်တဲ့အရာတစ်ခုပါပဲနော်။ မျက်လုံးတွေကနီပြီးတော့ စပ်လာတာမျိုးကို မကြာခဏခံစားရမယ်ဆိုရင် ဒါကမျက်စိထဲပိုးတာမျိုးလည်း ဖြစ်နိုင်သလို၊ တစ်ခြားအကြောင်းအရာတွေလည်းရှိနိုင်သေးတာကြောင့် အကောင်းဆုံးကတော့ ဆရာဝန်ဆီကိုသွားတာက အကောင်းဆုံးပါပဲ။

မျက်လုံးထဲမှာ မသင်္ကာစရာကောင်းတဲ့အစက်မျိုးကို တွေ့လာရပြီဆိုရင်လည်း ဆရာဝန်နဲ့ပြကြည့်ပြီး တိုင်ပင်သင့်ပါတယ်။ ဒီတိုင်းကြည့်ရင်တော့ ဘာမှမဖြစ်လောက်ဘူးလို့ထင်ရပေမယ့် အချိန်ကြာလာတဲ့အခါမှာ အမြင်အာရုံကိုချို့ယွင်းလာစေပြီး အမြင်ဝေဝါးတာမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

နှစ်ထပ်တွေမြင်နေရပြီဆိုရင်လည်း ဒါကဂရုစိုက်သင့်တဲ့လက္ခဏာပါပဲ။ ဒါက မျက်လုံးမှာရှိနေတဲ့ ကြွက်သားတွေမှာတစ်ခုခု ပျက်စီးနေတာ၊ အဆင်မပြေတာမျိုးတွေရှိနေတာကြောင့် ဒီလိုမျိုးတွေဖြစ်နေရတာပဲဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးက မျက်မှန်ကိုပုံမှန်တပ်လိုက်တဲ့အခါမျိုးမှာ ပြန်ကောင်းသွားတာမျိုးတွေလည်းရှိပြီး အကောင်းဆုံးနည်းလမ်းကတော့ ဆရာဝန်နဲ့တိုင်ပင်ကြည့်လိုက်ပါ။

မျက်စိဆိုတာ တကယ်အရေးကြီးလွန်းတာကြောင့် တစ်ခုခုဖြစ်လာပြီဆိုရင် ကျွမ်းကျင်တဲ့မျက်စိဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီး ကုသတာကပိုပြီးတော့ သင့်တော်ပါတယ်။

Photo Source: Unsplash