တွန့်လိမ်တွန့်လိမ်နဲ့ ကြည့်ရတာတစ်မျိုးလေးဖြစ်နေတဲ့ ဂျင်းတွေကို ယခင်မြင်တွေ့တုန်းက ဘယ်လိုသုံးရတယ်၊ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိလဲဆိုတာကို မသိခဲ့ဖူးဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့ ကိုယ်မသိခဲ့တဲ့ ဂျင်းကို ရှေးယခင်ကတည်းက ဆေးဖြစ်ဝါးဖြစ် အသုံးပြုခဲ့ကြပါတယ်။

ဒါကြောင့် ဂျင်းနဲ့ပတ်သက်ပြီး ဘယ်လိုအချိန်၊ ဘယ်လိုနေရာတွေမှာ ဘယ်လိုအသုံးဝင်သလဲဆိုတာကို သိရှိနိုင်စေဖို့ MyHealth Myanmar မှ ဖော်ပြပေးလိုက်ရပါတယ်။

၁။ အသားအရေပျော့တွဲမှုကို တိုက်ဖျက်ခြင်း

ဂျင်း Scrub လုပ်ပေးခြင်းက အသားအရေကိုအနွေးဓာတ်ပေးစွမ်းပြီး သွေးလည်ပတ်မှုအားကောင်းစေပါတယ်။

ကြိတ်ပြီးသားဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဂျင်းရည် ဝ.၅ လီတာနဲ့ရောစပ်၍ ပင်လယ်ဆားခွက်တစ်ခွက်စာ ထည့်ပြီးရောမွှေပါ။ ထိုအရောကို Sponge သုံးပြီး အသားအရေပျော့တွဲနေတဲ့နေရာများကို ပွတ်ပေးနိုင်ပါတယ်။

၂။ ဇီဝဖြစ်စဉ်အားကောင်းစေပြီး မအီမသာဖြစ်ခြင်းကိုသက်သာစေခြင်း

အစာမကြေတဲ့ပြဿနာတွေ၊ လှိုင်းမူးတတ်တာတွေ၊ ကိုယ်ဝန်ဆောင်နေစဉ် မအီမသာဖြစ်တာတွေကို ခံစားရတတ်ရင် ဂျင်းကိုဝါးနိုင်သလို လက်ဖက်ရည်ထဲကို ဂျင်းထည့်ပြီးတော့လည်း သောက်သုံးပေးနိုင်ပါတယ်။

၃။ ကိုယ်ခံအားမြှင့်တင်ပေးခြင်း

ဗီတာမင်အေ၊ ဘီ၊ ဇင့်၊ ကယ်လ်စီယမ်၊ အိုင်အိုဒင်း နှင့်အခြားဓာတ်တွေပါဝင်တဲ့ ဂျင်းက ခန္ဓာကိုယ်ကို အားတိုးစေပြီး အခြားရောဂါတွေကိုလည်း ခံနိုင်ရည်စွမ်းတိုးစေမှာဖြစ်ပါတယ်။

သံပုယိုသီး ၄ လုံးကိုနုပ်နုပ်စဉ်းပြီး ဂျင်း ၄၀၀ ဂရမ်တို့ကို ပျားရည် ၂၅၀ ဂရမ်ထဲရောစိမ်ပြီး မကြာခဏဖျားနာတတ်တဲ့ ရာသီတွင်းမှာ အစာမစားခင် မနက်ပိုင်းမှာ လက်ဖက်ရည်ဇွန်းနှင့် ၁ ဇွန်း သောက်သုံးပေးနိုင်ပါတယ်။

၄။ နာကျင်ဝေဒနာကို သက်သာစေခြင်း

ဂျင်းက ရောင်ရဲနာကျင်တာတွေကို သက်သာစေပြီး လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီးနောက် ကြွက်သားတွေနာကျင်တာ၊ ရာသီလာလို့ ကိုက်ခဲတာတွေ၊ အဆစ်ရောင်ရောဂါတွေအတွက် အထူးကောင်းမွန်ပါတယ်။ ဂျင်း၊ နနွင်း၊ သံပုယိုသီး ၂ လုံးအရည်ညှစ်၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ရေတို့ကိုရောစပ်ပြီး တင်ချာဆေးရည်ပြုလုပ်ပါ။

၅။ ဦးနှောက်အလုပ်လုပ်မှုကို တိုးမြှင့်ခြင်း

ဂျင်းကိုစားသုံးပေးခြင်းက အိုမင်းရင့်ရော်မှုနဲ့ ဦးနှောက်ဆဲလ်တွေသေဆုံးမှုကို တားဆီးပေးပါတယ်။ ဒါ့အပြင် အယ်လ်ဇိုင်းမားနှင့် အကြောအားနည်း၍ ခြေလက်တုန်တတ်တဲ့ ရောဂါတွေကိုလည်း တိုက်ဖျက်ပေးဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ဂျင်းကိုစားသုံးပေးခြင်းဖြင့် မှတ်ဉာဏ်အားကိုတိုးတက်စေပါတယ်။

၆။ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ခြင်း

ဂျင်းတွင် Antioxidants တွေ အမြောက်အမြားပါဝင်လို့ ခန္ဓာကိုယ်အတွင်း ဖြစ်စဉ်တွေအသစ်ဖွဲ့စည်းဖို့ နှုန်းကို မြန်ဆန်စေပြီး ရေဒီယိုသတ္တိလှိုင်းတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

၇။ ကိုယ်အလေးချိန်ကျစေခြင်း

လောင်ကျွမ်းစေတဲ့ ဓာတ်တွေအများကြီးပါဝင်လို့ ဇီဝဖြစ်စဉ်မြှင့်တင်ပေးကာ အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ အစာမစားခင် မိနစ်သုံးဆယ်အလိုမှာ ဂျင်းလက်ဖက်ရည်သောက်မယ်ဆိုရင် အစာစားသုံးတဲ့ပမာဏကို လျော့နည်းသွားစေပါတယ်။

၈။ အသားအရေကို ဝင်းလက်စိုပြေစေခြင်း

ခြစ်ထားသည့်ဂျင်း၊ ပျားရည်၊ သံပုယိုရည်တို့ကို ပမာဏညီတူညီမျှပေါင်းစပ်ကာ မျက်နှာပေါ် မိနစ်သုံးဆယ်တင်ပေးထားခြင်းက အသားအရေကို ဝင်းလက်လာစေမှာဖြစ်ပါတယ်။

၉။ ဝက်ခြံများကို ဖယ်ရှားပစ်ခြင်း

ခြစ်ပြီးသားဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို နို့အနည်းငယ်နဲ့ရောစပ်ပြီး မျက်နှာပေါ်လိမ်းခြယ်ပါ။ ၁၅ မိနစ်ကြာပြီးနောက် ရေနဲ့ဆေးကြောသန့်စင်ပစ်နိုင်ပါတယ်။

၁၀။ ဆံပင်အရှည်မြန်စေပြီး ဆံပင်ကျွတ်တာ၊ ဗောက်ထတာတွေကို သက်သာစေခြင်း

ဂျင်းက ဦးရေပြားသွေးစီးဆင်းမှုကို ထောက်ပံ့ပေးပြီး ဆံပင်အမြစ်တွေကိုလည်း အာဟာရတွေပြည့်ဝစေလို့ ဆံပင်သန်နှုန်းမြန်စေပါတယ်။

ဆံပင်သန်စေဖို့အတွက် – ခြစ်ထားသည့်ဂျင်းနှင့် Jojoba ဆီနှင့်ရောစပ်ပြီး ဆံပင်နှင့်အသားထဲကို နှိပ်ပေးပါ။ မိနစ်သုံးဆယ်အကြာမှာ ခေါင်းလျှော်ပေးပါ။

ဆံပင်အရှည်မြန်ဖို့အတွက် – ခြစ်ပြီးသားဂျင်းအနည်းငယ်နှင့် ကြက်သွန်ဖြူတို့ကို ရေနဲ့စိမ်ပြီး ခဏထားပါ။ သံလွင်ဆီအနည်းငယ်ကို ထိုအရောထဲပေါင်းထည့်ပြီး ဆံပင်အရင်းတွေကို နှိပ်ပေးပါ။