အသက်ကြီးလာတဲ့အခါ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်ရပါတယ်။ စွမ်းအင်တွေလျော့နည်းလာတာ၊ ကြွက်သားဆုံးရှုံးမှုဖြစ်တာနဲ့ ခွန်အားကျဆင်းလာတာတွေဟာ အသက်ကြီးလာတာကြောင့်ဖြစ်ပါတယ်။ မလွဲမသွေရင်ဆိုင်ကြရမယ့် ဇရာရဲ့ဒုက္ခတွေဖြစ်ပေမယ့် ကျွန်ုပ်တို့ ကြိုတင်ကာကွယ်လို့ရပါတယ်။

အသက် ၄၀ ကျော်လာတဲ့အခါ ၁၀ ရာစုနှစ် တစ်ခုကို ဖြတ်ကျော်တိုင်း ခန္ဓာကိုယ်ရဲ့ ကြွက်သား ၈ ရာခိုင်နှုန်း ဆုံးရှုံးနိုင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ပြုလုပ်ထားတဲ့ လေ့လာမှုအရ အသက် ၆၀ ကျော်ကနေ ၇၀ နှစ်အကြား အရွယ်တွေမှာ ကြွက်သားဆုံးရှုံးမှုက ၅-၁၃ ရာခိုင်နှုန်းရှိပြီး အသက် ၈၀ နှစ်အထက်ကျော်လာပါက ၁၁-၅၀ ရာခိုင်နှုန်းအထိ ကြွက်သားတွေ ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။

အသက်ကြီးလာသူတွေမှာ ကြွက်သားတွေ ဆုံးရှုံးရတဲ့အကြောင်းက အသက်ကြီးလာတာတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုနည်းပါးတဲ့ နေထိုင်မှု အလေ့အထရှိတာ၊ သင့်တော်သောအစားအသောက်နှင့် အာဟာရဓာတ်တို့ မရရှိခြင်း၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်တာ၊ တချို့တွေမှာ ရောဂါတွေကြောင့် စတီးရွိုက်ဆေး သုံးစွဲနေရတာ၊ ကင်ဆာရောဂါနဲ့ ကိုယ်ခံစွမ်းအားကျဆင်းတဲ့ HIV ရောဂါရှိတာ စတာတွေကြောင့်လည်း ကြွက်သားတွေ ဆုံးရှုံးနိုင်ပါတယ်။

ခန္ဓာကိုယ်မှာ ကြွက်သားတွေ ဆုံးရှုံးတဲ့အခါမှာ ခြေထောက်မှာရှိတဲ့ ကြွက်သားတွေဆုံးရှုံးသွားတာကြောင့် မြန်မြန်သွက်သွက် လမ်းမလျှောက်နိုင်တော့တာ၊ ဟန်ချက်ညီအောင် မထိန်းညှိနိုင်တာကြောင့် ခြေချော်လဲနိုင်ခြေလည်း များတတ်ပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေမှာ ကြွက်သားဆုံးရှုံးမှုဟာ ချော်လဲကျနိုင်ခြေကို ဖြစ်စေပြီးတော့ အရိုးကျိုးနိုင်စေပါတယ်။ ဒါကြောင့် ကြွက်သားတွေ မဆုံးရှုံးနိုင်အောင်၊ ဆုံးရှုံးမှုတွေ နည်းသွားအောင် ကာကွယ်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။

ကြွက်သားတွေ မဆုံးရှုံးအောင် အဓိက နည်းလမ်းနှစ်မျိုးနဲ့ ကာကွယ်နိုင်ပါတယ်။ ပထမအနေနဲ့ကတော့ ပုံမှန်လေ့ကျင့်ခန်း လုပ်တာနဲ့ ဒုတိယအနေနဲ့ ပြည့်စုံမျှတတဲ့ အာဟာရရရှိဖို့ပဲဖြစ်ပါတယ်။ လုံလောက်တဲ့ ကယ်လ်လိုရီ၊ ပရိုတင်းဓာတ်ပါဝင်တဲ့ ကောင်းမွန်သော အာဟာရဟာ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ရာမှာ ကူညီပေးပါတယ်။ ကြွက်သားတွေတည်ဆောက်ဖို့အတွက် ပရိုတင်းဓာတ်လိုအပ်ပြီး ပရိုတင်းဓာတ်ကိုတော့ အမိုင်နိုအက်စစ်များ ပါဝင်သော အစားအသောက်တွေဟာ ကြွက်သားတွေ တိုးပွားစေဖို့ ထောက်ပံ့ကူညီပေးပါတယ်။

Beta-hydroxy-beta-methylbutyrate (HMB) ဆိုတာ အမိုင်နိုအက်စစ်လူစင်းရဲ့ ဇီဝဖြစ်စဉ်ကနေ ထွက်လာတဲ့ သဘာဝဒြပ်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်တွင်းမှာ အနည်းငယ် ထုတ်လုပ်နိုင်ပါတယ်။ လက်တွေ့လေ့လာစမ်းသပ်ချက်များမှာ HMB ဟာ ကြွက်သားထုထည်ရရှိမှုကို ကူညီပေးတယ်ဆိုတာ တွေ့ရှိခဲ့ပါပြီ။

ဒါ့အပြင် အသက်အရွယ်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ငါးရက်လမ်းလျှောက်ခြင်း (တစ်ဦးခြင်းစီ၏ ကျန်းမာရေးအအခြေအနေအပေါ်မူတည်၍) ကို ပြုလုပ်ပေးသင့်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စားသောက်မှုမှာ ပရိုတင်းဓာတ်၊ အမိုင်နိုအက်စစ်နဲ့ HMB အား ဖြည့်စွက်စားသုံးခြင်းဟာ ကြွက်သားတွေကို ကာကွယ်ပေးဖို့ အကျိုးများလှပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်မယ်၊ မှန်ကန်တဲ့ဖြည့်စွက်စာကို ရွေးချယ်တတ်မယ်ဆိုရင်တော့ အသက်ကြီးလာပေမယ့် ခွန်အားပြည့်ဝတဲ့ ရွှေရောင်နေ့ရက်တွေကိုသာ နေ့စဉ် ပိုင်ဆိုင်သူတစ်ယောက်အဖြစ် ကျွန်ုပ်တို့အနေဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်ပါပြီ။