“ကင်ဆာနဲ့ အစားအစာဆက်စပ်တယ်” လို့ ပြောသူတွေ မနည်းပါ။ အတိအကျတော့ ဆရာဝန်တွေကမှ မပြောနိုင်ပါ။ ကင်ဆာကို ဖြစ်စေတဲ့ အကြောင်းတရားကိုလဲအသေအချာမသိရဘဲ (သီအိုရီ) ကသာများနေသလိုအတူတူပါဘဲ။

တချို့လေ့လာမှုတွေကကင်ဆာကို ဖြစ်စေတဲ့အထဲမှာပါတ်ဝန်းကျင် အကြောင်းခံတွေက ၈ဝ-၉ဝ% ပါမယ်လို့ ဆိုတယ်။ အဲဒီအထဲမှာအစားအစာက ၃ဝ-၄ဝ% သက်ဆိုင်တယ်လို့ ပြောထားတယ်။

များသောအားဖြင့် သုတေသနတွေဟာ ကင်ဆာမဖြစ်အောင် ကာကွယ်ရေးမှာသာ လုပ်ကြတာ ဖြစ်ပြီး၊ အစားအစာနဲ့ ကင်ဆာကုဖို့ရာလဲ အနည်းအပါးတော့ ရှိတယ်။

ကင်ဆာဖြစ်စေတာတွေထဲမှာ Obesity လူအဝလွန်တာနဲ့ Alcohol အရက်သေစာဟာတရားခံစာရင်းမှာ ထိပ်ကနေတယ်။ Fruits အသီးတွေနဲ့ Vegetables အသီးအရွက် အစားနည်းပြီး Red Meat အသားစားကဲတာတွေကလဲနောက်ကလိုက်တယ်။

ကော်ဖီလဲပါသေးတယ်။ အသားစားများတာနဲ့ Breast Cancer ရင်သားကင်ဆာ၊ Colon Cancer အူမကြီးကင်ဆာ၊ Pancreatic Cancer သရက်ရွက်-ကင်ဆာတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောတာရှိတယ်။

အကောင်းဆုံးလို့ အများဆုံးပြောတာတွေကတော့ Vegetables ဟင်းသီးဟင်းရွက်တွေ၊ Fruit သစ်သီးတွေ၊ Whole Grain သိပ်ဖြူနေအောင် ချွတ်မတားတဲ့ အနှံတွေ နဲ့ Fish ငါးတွေ ဖြစ်တယ်။

ဟင်းသီးဟင်းရွက်တွေကိုFibre (ဖိုက်ဘာ) ပါတဲ့ အစာတွေလို့ သတ်မှတ်ပြီး၊ Antioxidant (အင်တီ-အောက်စီဒင့်) တွေပါတယ်။ အသီးအရွက်တွေမှာပါတဲ့ Flavonoids (ဖလဘိုနွိုက်) နဲ့ Catechins (ကက်တ်ချင်) ဓါတ်တွေဟာ “ခါးတဲ့အရသာ” ရှိတယ်။ အလွန် ကောင်းတဲ့ ကင်ဆာ-ကာကွယ်ဆေးတွေ ဆိုပြီးတောင်မှ ပြောကြတယ်။

Catechins ဟာဗီတာမင် (စီ) ထက် အဆ ၁ဝဝ သာသတဲ့။ (အီး) ထက် ၂၅ ဆ သာသတဲ့။ Flavonoids နဲ့ Catechins အတူတွဲရင် (ဆဲလ်) တွေကို X-Ray Damage ဓါတ်မှန်ရဲ့ ဒဏ်ကနေကာကွယ်နိုင်တယ်လို့ ဆိုပါသေးတယ်။

Flavonoids များတဲ့ အစာတွေထဲမှာ Garlic ကြက်သွန်ဖြူ၊ Onions ကြက်သွန်နီ၊ Shallots ကြက်သွန်နီကလေး၊ Leeks ကြက်သွန်မြိတ်တွေ ပါတယ်။

ဒါတွေထဲမှာ Vitamin C ဗီတာမင် (စီ)၊ Selenium (ဆယ်လ်နီယမ်) နဲ့ Sulfur Compounds (ဆာလ်ဖါ) ဓါတ်ပေါင်းတွေလဲပါတာမို့ အားလုံးပေါင်းကနေကင်ဆာဖြစ်မှာကိုတားဆီးနိုင်တယ်လို့ အာဟာရသုတေသနကယူဆတယ်။

Probiotics ဆိုတာအစာလမ်းကြောင်းမှာရှိနေကြတဲ့ ဗက်တီးရီးယားအကောင်းတွေကိုခေါ်တယ်။ အစာခြေရာမှာအသုံးကြတယ်။ ဒါ့အပြင် အစာတွေကနေကင်ဆာဖြစ်စေမှာကိုလဲတားနိုင်တယ်လို့ ဆိုပါတယ်။

ဇီဝ-ဓါတုဗေဒလိုပြောရရင် b-Glucuronidase နဲ့ Nitro-Reductase ခေါ်တဲ့ (အင်ဇိုင်းမ်) တွေကနေကင်ဆာဖြစ်စေမှာမျိုးပြောင်းလဲမသွားစေဘို့ရာလုပ်ပေးနိုင်တယ်။ ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ် တခုထဲကနေ ဒီတာဝန်ယူနေရတာကို ဒါတွေကနေ အကူညီပေးတယ်။

စောစောပိုင်းသုတေသနတွေမှာလူတွေစားသုံးတဲ့ အဆီကိုအာရုံစိုက်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ဒီအချက်ကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံလို့ မသင့်တာတွေ့ရတယ်။ အရွယ်ရောက်ချိန်မှာအာဟာရ မျှတတာနဲ့ ကြီးလာလို့ ကိုယ်အလေးချိန် တက်လာတာတွေကို အာရုံစိုက်လေ့လာကြတယ်။

Breast ရင်သား-ကင်ဆာနဲ့ Colon အူမကြီး-ကင်ဆာတွေအတွက် ဖြစ်တယ်။ ငယ်ရွယ်တုန်းမှာ ကိုယ်လက်လေ့ကျင်ခန်း-အားကစားမလုပ်တာဟာ အချက်တခုဆိုတာ သိလာရတယ်။

အသီးအနှံ၊ အသီးအရွက်တွေကကောင်းတယ်ပေမဲ့ ချက်ပြုတ်တာမှာ ကြာကြာချက်တာမကောင်းဘူး။ ဟင်းချက်တဲ့ထဲမှာအရောအနှောတွေ များတာမကောင်းဘူး။ ပင်ကိုယ်သဘာဝနဲ့ နီးလေလေကောင်းလေလေ။

Dairy Products နို့ထွက်အစာတွေ၊ Fish ငါးတွေ နဲ့ Meat အသားတွေကိုစားတာထဲက ၃ ပုံ ၁ ပုံထက် မများသင့်ဘူး။ ဒါပေမဲ့ သက်သတ်လွတ်စားပါလို့ မဆိုလိုပါ။ စက်နဲ့ ပြုပြင်ထားတာကိုတတ်နိုင်သလောက် လျှော့စားပါ။ ဥပမာပန်းသီးဖျော်ရည်အစားပန်းသီးကိုဘဲစားပါ။

“အသီးအရွက် စားတာကနေကင်ဆာကိုကာကွယ်နိုင်တယ် ဆိုတာဟာလိုတာထက် ပိုပြောနေတယ်” လို့လဲနောက် လေ့လာမှုတွေက ထောက်ပြလာတယ်။

Folic Acid (ဖေါလစ်-အက်စစ်) က Breast ရင်သား-ကင်ဆာနဲ့ Colon အူမကြီး-ကင်ဆာတွေအတွက် ကောင်းတယ်လို့ အဲဒီသုတေသနကဆိုလာတယ်။ (ဖေါလစ်-အက်စစ်) အကြောင်းရေးထားပါတယ်။ များတိုင်းလဲမကောင်းပါ။

ကင်ဆာကာကွယ်ရေးအတွက် ကောင်းတဲ့ အစားအစာစာရင်းထဲမှာ ဒါတွေလဲပါသေးတယ်။

– Soy ပဲပုတ်၊

– Vitamin E ဗီတာမင် (အီး)၊

– Vitamin D ဗီတာမင် (ဒီ)၊

– Flaxseeds နှမ်းတမျိုး၊

– Selenium (ဆဲလ်နီယမ်) ဓါတ်ပါတဲ့ အစာတွေ Nuts အစေ့အဆံ၊ Cereals ဆန်-ဂျုံ-ပြောင်း-ပြောင်ဖူး၊ Meat အသား၊ Mushrooms မှို၊ Fish ငါး၊ Eggs ဥတွေ၊

– Green Tea လဖက်ရည်ကြမ်း၊

– Organic (အော်ဂဲနစ်) အစာဒါမှမဟုတ် Local produce ဒေသထွက်အစာတွေကို တတ်နိုင်သလောက် စားသုံးပါ။