အလုပ်ခွင်ဘဝနဲ့ မိသားစုဘဝနှစ်ခုကြားမှာ ဟန်ချက်ညီအောင်နေထိုင်ရတာဟာ ခန္ဓာကိုယ်အတွက် အလွန်ပင်ပန်းစရာဖြစ်နိုင်ပါတယ်။ အချို့အခြေအနေများတွင်ဆိုလျှင် နေမကောင်းဖြစ်ခြင်း၊ တစ်ကိုယ်လုံးတွင် နာကျင်မှုများကို ခံစားရပါတယ်။ ဒီလိုဖြစ်ပွားမှုတွေက ပုံမှန်ဖြစ်နေကျ ဆိုသော်လည်း မကြာခဏဖြစ်လာပြီဆိုရင်တော့ လျစ်လျူရှုထားလို့မရပါဘူး။

ဒါကြောင့် ဘယ်လိုလက္ခဏာတွေကို သတိထားရမလဲဆိုတာကို မှတ်သားထားနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

ကိုယ်အလေးချိန်ပြောင်းလဲလာခြင်း

အချို့အခြေအနေများတွင် ကိုယ်အလေးချိန်ကိုပါ ထိန်းချုပ်ဖို့ ခက်ခဲလာနိုင်ပါတယ်။ သင့်တင့်မျှတတဲ့ Diet နှင့် လေ့ကျင့်ခန်းများပင်လျှင် ကူနိုင်မှာမဟုတ်ပါဘူး။

အသားအရေပြဿနာများ

စိတ်ဖိစီးမှုအလွန်များလာပြီဆိုလျှင် ဝက်ခြံ၊ ကြမ်းထော်သည့်အနီဖုများ နှင့် အခြားအသားအရေပြဿာနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

အာရုံမစူးစိုက်နိုင်ခြင်း

တနေ့တာရဲ့ လုပ်ငန်းဆောင်တာများကို အာရုံစိုက်ဖို့အတွက် သောကတွေကင်းဝေးနေဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုတွေက လမ်းကြောင်းသွေဖီစေကာ ပြဿနာတွေကို သေချာကိုင်တွယ်နိုင်မှုမရှိစေအောင် လုပ်ပစ်နိုင်ပါတယ်။

ဆံပင်ကျွတ်ခြင်း

စိတ်ဖိစီးမှုတွေစုပြုံလာပြီဆိုရင် ဆံပင်တွေလည်းကျွတ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း တခါတလေမှာ မျိုးရိုးလိုက်တာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာအကောင်းဆုံးပါပဲ။

ခေါင်းခဏခဏကိုက်ခြင်း

ကိစ္စအမျိုးမျိုးကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ အိပ်သည့်ပုံစံမှားခြင်း၊ သွေးပေါင်ချိန် တက်ခြင်း၊ ကျခြင်း စတဲ့ကိစ္စတွေကြောင့် ဖြစ်နိုင်ပါတယ်။ အချိန်အကြာကြီး စုပြုံနေသည့် စိတ်ဖိစီးမှုများကြောင့်လည်း ခေါင်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။

အိပ်လို့မရခြင်း

စိတ်ဖိစီးမှုတွေက အချို့လူများအပေါ်မှာ အိပ်လို့မရအောင် နှောင့်ယှက်နိုင်ပါတယ်။ ကိစ္စအမျိုးမျိုးကို စိုးရိမ်ပူပန်နေရတာကြောင့် အိပ်ချိန်ကိုမရပါဘူး။ အိပ်ချိန်နည်းလာပြီဆိုရင် အလုပ်ခွင်မှာ အာရုံမစိုက်နိုင်တော့ဘဲ အိမ်ပြန်လာသည့်အခါမှာလည်း မိသားစုပြဿနာတွေ ပေါ်ပေါက်လာစေနိုင်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုတွေ အများကြီးစုပြုံနေပြီဆိုရင် ခန္ဓာကိုယ်ရော စိတ်ကျန်းမာရေးပါ ထိခိုက်လာနိုင်တာကြောင့် အတတ်နိုင်ဆုံး ဖြေရှင်းလိုက်ပါ။

Source: www.providr.com