သိပ္ပံပညာရှင်များရဲ့ပြောကြားချက်အရ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာ ၅၀ ရာခိုင်နှုန်းခန့်က အမြင်အာရုံနဲ့ ဆက်နွယ်နေပါတယ်။ ဒါ့ကြောင့် အမြင်အာရုံက လူသားတိုင်းအတွက်အရေးကြီးပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အမြင်အာရုံတွေလည်း ကျဆင်းလာပါတယ်။ အထူးသဖြင့် ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေဆို ပိုဆိုးပါတယ်။

ဒါပေမဲ့စိတ်ပူစရာမလိုတော့ပါဘူး။ တစ်နေ့တာလုံးအလုပ်လုပ်ပြီးတဲ့အခါ လွယ်ကူရိုးရှင်းတဲ့လေ့ကျင့်ခန်းတွေပြုလုပ်ပြီး သင့်မျက်လုံးကို ဂရုစိုက်ပေးလိုက်ပါ။

၁။ အနီးအဝေးလေ့ကျင့်ခန်း

သင့်ရဲ့လက်မကို သင့်မျက်လုံးနဲ့ ၁၀ လက်မခန့်အကွာမှာထားပြီး ၁၀ စက္ကန့်၊ ၁၅ စက္ကန့်ခန့် စိုက်ကြည့်ပါ။ ပြီးရင် သင်နဲ့ ၁၀ ပေ၊ ပေ ၂၀ ခန့်ဝေးတဲ့အရာဝတ္ထုတစ်ခုကို ၁၀ စက္ကန့်၊ ၁၅ စက္ကန့်ခန့် အာရုံစိုက်ကြည့်ပါ။ နောက်ထပ် ၁၀ စက္ကန့်၊ ၁၅ စက္ကန့်ခန့်ကို သင်နဲ့ အဝေးဆုံးမှာရှိတဲ့ သစ်ပင်တစ်ပင်၊ ဒါမှမဟုတ် အဆောက်အဦးတစ်ခုကို အာရုံစိုက်ကြည့်ပါ။

၂။ မျက်လုံးကို ဘေးဘက်သို့ရွေ့လျားခြင်း

ဦးခေါင်းကို မရွေ့လျားပဲ မျက်လုံးကို ဘယ်ဘက်သို့ရွေ့လျားလိုက်ပါ။ မြင်ရတဲ့အရာဝတ္ထုကို ၅ စက္ကန့်ခန့်အာရုံစိုက်ပါ။ မျက်လုံးကို ညာဘက်သို့ပြန်ရွေ့ပါ။ မြင်ရတဲ့အရာဝတ္ထုကို ၅ စက္ကန့်ခန့် အာရုံစိုက်ပါ။ ဘယ်၊ ညာတစ်လှည့်စီကို ၅ ကြိမ်ပြုလုပ်ပါ။ ၅ ကြိမ်ပြည့်ရင် ခဏနားပြီး နောက်ထပ် ၃ ကျော့ပြန်လုပ်ပေးပါ။

၃။ ထောင့်ဖြတ်မျဉ်းအတိုင်း ရွေ့လျားခြင်း

ဒီလေ့ကျင့်ခန်းကလည်း ခုနကအတိုင်းပဲ ဦးခေါင်းကို မရွေ့လျားပဲထောင့်ဖြတ်မျဉ်းအတိုင်းရွေ့လျားရမှာပါ။ မျကလုံးကို ထောင့်ဖြတ်မျဉ်းအတိုင်း ညာဘက်အောက်ကိုရွေ့၊ မြင်ရတဲ့အရာဝတ္ထုကို ၅ စက္ကန့်ခန့် အာရုံစိုက်၊ ဒေါင်လိုက်အတိုင်း ဘယ်ဘက်ထောင့် မျက်လုံးအပေါ်သို့ပြန်ရွေ့၊ ၅ ကြိမ် ၃ ကျော့စီပြုလုပ်ပေးပါ။

၄။ အပေါ်အောက် ရွေ့လျားခြင်း

အပေါ်ကိုကြည့်၊ မြင်ရတဲ့အရာဝတ္ထုကို ၅ စက္ကန့်ခန့် အာရုံစိုက်၊ တစ်ခါ အောက်ကိုပြန်ရွေ့၊ မြင်ရတဲ့အရာဝတ္ထုကို ၅ စက္ကန့်ခန့် အာရုံစိုက်၊ အပေါ်အောက် ၅ ကြိမ် ၃ ကျော့စီပြုလုပ်ပါ။

၅။ စက်ဝိုင်းပုံရွေ့လျားခြင်း

မျက်လုံးကို စက်ဝိုင်းပုံစံနာရီလက်တံအတိုင်း ရွေ့လျားပြီး စက်ဝိုင်း ၅ ခု ဆွဲပါ။ တစ်ဖန် နာရီလက်တံပြောင်းပြန်အတိုင်း ရွေ့လျားပြီး စက်ဝိုင်း ၅ ခုဆွဲပါ။ ၃ ကျော့ပြုလုပ်ပါ။

၆။ မျက်တောင် ပုတ်ခတ်ပုတ်ခတ်ပြုလုပ်ခြင်း

၁ မိနစ်ကို ၁၀ ကြိမ် ၁၅ ကြိမ်ခန့် ဖြည်းညင်းစွာ မျက်တောင် ပုတ်ခတ်ပုတ်ခတ်ပြုလုပ်ပါ။ စုစုပေါင်း ၂ မိနစ်ခန့်ပြုလုပ်ပေးရမှာပါ။

၇။ လက်ဖဝါးဖြင့် အုပ်ခြင်း

မှောင်နေတဲ့အခန်းထဲမှာ ထိုင်ပြီး တံတောင်ဆစ်ကို စားပွဲပေါ်မှာ ထောက်ထားပါ။ လက်ဖဝါးနှစ်ဖက်ကို အပူဓာတ်ရအောင် ပွတ်တိုက်ပေးပြီး မျက်လုံးပေါ်အုပ်လိုက်ပါ။ လုံးဝအမှောင်ကျသွားတဲ့အခါ အသက်ပြင်းပြင်းရှူလိုက်ပါ။ ဒီလေ့ကျင့်ခန်းကို ၅ မိနစ်ခန့်ပြုလုပ်ပေးပါ။

၈။ စည်းမျဉ်း ၂၀

တစ်နေ့ခင်းလုံး ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်ရတဲ့အခါ မျက်လုံးညောင်းပါလိမ့်မယ်။ မိနစ် ၂၀ တိုင်းမှာ ကိုယ်နဲ့ ပေ ၂၀ ခန့်ဝေးတဲ့ အရာတစ်ခုကို စက္ကန့် ၂၀ ခန့် စိုက်ကြည့်ပါ။ ၂၀ သုံးခါ ပါတဲ့အတွက်ကြောင့် စည်းမျဉ်း ၂၀ လို့ အမည်တွင်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။

Source: Brightside.me