အမဟော်မုန်းဓာတ်ဆိုတာဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ အဓိကအရေးကြီးတဲ့ ဟော်မုန်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ရှိ ချိုင်းမွှေး၊ ရင်သား ကြီးထွားမှု၊ ရာသီလာမှု စတာတွေနဲ့ ဆက်စပ်နေပါတယ်။ ထိုကဲ့သို့ အမဟိုမုန်းဓာတ်ကို ထိန်းသိမ်းတတ်ဖို့နှင့် ပုံမှန်ပမာဏမှာ ရှိနေစေဖို့ အတွက် ထိန်းသိမ်းတတ်ဖို့ အလွန်အရေးကြီးပါတယ်။

အကြောင်းအရင်းကိုပြောရမယ်ဆိုရင်တော့ ထိုဟော်မုန်းဓာတ်အလွန်များပြားလာခြင်းဟာ အမျိုးသမီးတွေကို ကင်ဆာဖြစ်ပွားစေနိုင်တဲ့အတွက်ကြောင့်ပါ။

အမဟော်မုန်းဓာတ် အများအပြားထုတ်လုပ်ခြင်းရဲ့ ဖြစ်စဉ်များ

ပုံမှန်အားဖြင့်တော့ ပျိုဖော်ဝင်ချိန်နှင့် ကိုယ်ဝန်ဆောင်ချိန်များအတွင် အမဟော်မုန်းဓာတ်မြင့်တက်လေ့ရှိပေမယ့် အခြားအကြောင်းအရင်းများ ကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကြောင့် သို့မဟုတ် စားသောက်မှုပုံစံကြောင့်လည်း ခန္ဓာကိုယ်မှ ထိုဟော်မုန်းဓာတ်ကို အများအပြားထုတ်လုပ်မိစေနိုင်ပါတယ်။

ထိုမျှသာမက ကိုယ်တွေရဲ့ နေထိုင်မှုပုံစံနဲ့ ဆက်စပ်နေတဲ့ အောက်ဖော်ပြပါ အကြောင်းအရင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

  • အရက်သေစာနှင့် ဆေးဝါးများကို အလွန်အကျွံသုံးစွဲခြင်း
  • နှလုံးရောဂါ၊ ဆီးချို၊ အဝလွန်ရောဂါနှင့် သွေးတိုးရောဂါ
  • စိတ်ဖိစီးမှု

အမဟော်မုန်းဓာတ်မြင့်တက်နေတယ်ဆိုတာကို ပြသနေတဲ့လက္ခဏာများ

၁။ ရင်သားတင်းမာပြီး ရောင်ကိုင်းခြင်း

အမျိုးသမီးအများစုအနေနဲ့ ရာသီလာနေချိန်နှင့် ကိုယ်ဝန်ဆောင်ထားချိန်တွင် ရင်သားနဲ့ပတ်သက်လို့ တစ်ခုခုမူမမှန်တာကို ခံစားမိလေ့ရှိပါတယ်။ ဟော်မုန်းတွေနဲ့ပတ်သက်လာရင် ရင်သားတွေဟာ လုံးဝကိုတုံ့ပြန်လွယ်ပါတယ်။ အကယ်လို့ ရင်သားနာကျင်လာတယ်၊ ပုံမှန်ထက် အထိမခံဖြစ်နေသလို ခံစားရရင်တော့ အမဟော်မုန်းဓာတ်များပြားနေတာကြောင့် ဖြစ်နိုင်ပါတယ်။

၂။ စိတ်အပြောင်းအလဲမြန်ခြင်း

အမဟော်မုန်းဓာတ်တွေဟာ သင့်ရဲ့ စိတ်အခြေအနေနဲ့ ခံစားချက်များအပေါ်ကို သက်ရောက်နိုင်ပါတယ်။ စိတ်ဓာတ်ကျသလို သို့မဟုတ် စိတ်ဂယောက်ဂယက်ဖြစ်နေသလို ခံစားရနိုင်ပြီး ခံစားချက်တွေဟာလည်း အကြောင်းအရင်းမရှိ အတက်အကျမြန်နေနိုင်ပါတယ်။

၃။ ဆံပင်ကျွတ်ခြင်း

ပုံမှန်အားဖြင့် ဒီလိုပြဿနာဟာ အမျိုးသားတွေ ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုဖြစ်ပေမယ့် ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းဓာတ်ထုတ်လုပ်မှု များပြားလာမယ်ဆိုရင်တော့ ပုံမှန်ထက်ပိုပြီး ဆံပင်ကျွတ်လာနိုင်ပါတယ်။ ဒီလိုမျိုး ဆံပင်ကျွတ်တဲ့ပြဿနာဟာ စိတ်ကျအခြေအနေမျိုးကိုပါ ဖြစ်ပေါ်စေနိုင်ပေမယ့်လည်း ကျွတ်သွားတဲ့ ဆံပင်အရေအတွက်ဟာ သင့်ရဲ့နေထိုင်မှုပုံစံပေါ်လည်း မူတည်နေပါတယ်။

၄။ ကိုယ်အလေးချိန်တက်ခြင်း

အစားအသောက်လည်း အများကြီးမစားဘူး၊ တစ်နေရာရာမှာပဲ အချိန်ပြည့် လှဲလျောင်းနေပေမယ့် တင်ပါးတစ်ဝိုက်ဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာသလို ခံစားမိမှာပါ။ ဒါကတော့ ဟော်မုန်းဓာတ်များပြားနေပြီဆိုတာကို ပြသနေတဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ ထိုမျှသာမက ဖောရောင်ခြင်းနှင့် ကြိုးစားပြီးဝိတ်လျှော့နေရင်တောင်မှ ဝိတ်ကျဖို့ခက်ခဲမှုတွေကိုလည်း ကြုံတွေ့လာရမှာပါ။

၅။ ရာသီလာချိန်မမှန်ခြင်း

လတိုင်းလတိုင်း ရာသီချိန် မှန်ကန်တတ်တဲ့ အမျိုးသမီးတွေအတွက် အလွန်ကို အရေးကြီးတဲ့ လက္ခဏာတစ်ခုပါ။ ရာသီလာချိန်ဟာ ခန္ဓာကိုယ်အတွင်းမှ ဟော်မုန်းများက မသိမသာ ထိန်းချုပ်ထားသည့်အတွက်ကြောင့် မညီမျှတာဖြစ်ခဲ့ပါက ရာသီချိန်ကို သက်ရောက်လာနိုင်ပါတယ်။

၆။ အချိန်ပြည့် ပင်ပန်းနွမ်းနယ်နေခြင်း

အိပ်စက်ရအခက်အခဲရှိနေပြီဆိုရင်တော့ တချိန်လုံး ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရနိုင်ပါတယ်။ ဒီလိုဖြစ်တာဟာ ပုံမှန်ဆိုပေမယ့်လည်း အခါတိုင်းတွေထက်ပိုပြီး ပင်ပန်းတယ်လို့ ခံစားမိရင်တော့ ဟော်မုန်းပမာဏကို စစ်ဆေးသင့်နေပြီဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

၇။ အိပ်မပျော်ခြင်း

ဟော်မုန်းတွေများပြားလာခြင်းဟာလည်း အိပ်စက်မရတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ စကားတွေများလာမယ်၊ အိပ်လို့မရဖြစ်မယ် ဒါမှမဟုတ် ဆန့်ကျင်ဖက်အနေနဲ့ တချိန်လုံးအိပ်ငိုက်နေမယ်။ ဒီလိုမျိုး သင်အိပ်စက်တတ်တဲ့ အလေ့အကျင့်တွေဟာ အကြောင်းအရင်းမရှိဘဲ ရုတ်တရက် ပြောင်းလဲသွားမယ်ဆိုရင်တော့ သတိထားဖို့ လိုနေပါပြီ။

Source: BrightSide