အကယ်၍ သင်ဟာ ရင်ပူတာကိုမကြာခဏခံစားရလို့ ဖြေဖျောက်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနေရတဲ့အတွက် ခြေကုန်လက်ပမ်းကျနေပြီလား။ တကယ်တမ်းအဖြေကိုသာသိရင် အရာရာတိုင်းက လွယ်ကူလွန်းပါတယ်။ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်လည်း လုပ်ဆောင်ရန်လိုအပ်တာကတော့ အလေ့အကျင့်လေးတွေကို ပြောင်းလဲပစ်လိုက်ရုံပါပဲ။

၁။ အကောင်းဆုံးအိပ်စက်ပုံကိုရွေးချယ်ပါ

ရင်ပူတဲ့ပြဿနာနဲ့ပတ်သက်လာရင် သင်အိပ်စက်တဲ့ပုံစံက အလွန်အရေးကြီးပါတယ်။ ရင်ပူတာကိုခံစားနေရတဲ့လူများအတွက် ဘယ်ဖက်ကို စောင်းပြီးအိပ်တာက အစာခြေဖျက်မှုကိုကူညီပေးလို့ အကောင်းဆုံးပါပဲ။

၂။ စားသောက်တဲ့အရာများ

အချဉ်ဓာတ်ရှိအသီးအနှံများ၊ ကော်ဖီ၊ ကဖိန်းဓာတ်ပါအရည်များ၊ ပူရှိမ်းများ၊ ခရမ်းချဉ်သီး၊ အရက် (ဝိုင်နီအပါအဝင်)၊ ချောကလက်၊ ကြက်သွန်အဖြူ၊ အနီ၊ ပူစပ်သည့်အစားအစာတို့ကို ရှောင်ရှားပေးတာက ရင်ပူတာကိုအကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

၃။ စားသောက်တဲ့ပုံစံ

အစားအသောက်တွေကို အမြန်အဆန်နဲ့မြိုချတာမျိုးမလုပ်ဘဲနဲ့ ဖြည်းဖြည်းချင်းဝါးစားပါ။ တနေ့လုံးမှာ အများကြီးကိုနှစ်ခါစားတာထက် နည်းနည်းစီကိုငါးကြိမ်လောက်စားပေးပါ။ အလွန်အေးတဲ့၊ ပူတဲ့အစားအသောက်တွေကို မစားသုံးပါနဲ့။ ဒါ့အပြင် အစာစားပြီးသည်နှင့် နှစ်နာရီလောက်ကြာမှ လှဲလျောင်းပြီးအနားယူပါ။

၄။ ခန္ဓာကိုယ်ကိုဂရုစိုက်ပါ

ဆေးလိပ်နဲ့ အရက်သေစာသောက်စားခြင်းတို့ကို မပြုလုပ်ဘဲ ကိုယ်အလေးချိန်လျော့ချပါ။ ပေါင်အနည်းငယ်လောက်လျော့ကျသွားတာကပင် ရင်ပူတာကို သက်သာစေနိုင်လို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ကိုယ်အလေးချိန်လျော့ချပါ။

၅။ မိမိအတွက်ကောင်းမွန်တဲ့ အစားအသောက်တွေကိုသိထားပါ

ဟင်းသီးဟင်းရွက်များ၊ အချဉ်ဓာတ်မရှိသည့်အသီးအနှံများ၊ ဂျင်း၊ အုတ်ဂျုံမှုန့်၊ အသားများနှင့် ကြက်ဥအကာတို့က ရင်ပူမှုကိုတိုက်ထုတ်ဖို့ ကူညီပေးနိုင်ပါတယ်။ ထိုအစားအစာတွေအကုန်လုံးဟာ အဆီပါဝင်မှုနည်းပါးပြီး အစာခြေဖျက်အားကောင်းစေကာ အက်စစ်ဓာတ်ပြန်လည်စီးဆင်းမှုကို အစမပျိုးစေပါဘူး။

၆။ ကိုယ်နဲ့မတော်တဲ့အဝတ်အစားတွေကို မဝတ်ပါနဲ့

အလွန်တင်းကြပ်တဲ့အဝတ်အစားတွေ၊ ခါးပတ်တွေက ဝမ်းဗိုက်ပေါ်ဖိအားဖြစ်စေပြီး အစာအိမ်အတွင်းအရည်ပမာဏမြင့်တက်မှုကို ဖြစ်ပေါ်စေပါတယ်။

၇။ စိတ်ဖိစီးမှုတွေကိုလျော့ချပါ

စိတ်ဖိစီးမှုတွေ စုပြုံလာတာက ရင်ပူမှုကိုအစပျိုးစေသည့် အရာတစ်ခုဖြစ်နိုင်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ ကျန်းမာရေးကို ကောင်းကျိုးလုံးဝမဖြစ်စေလို့ တတ်နိုင်သမျှ လျော့ချပါ။