အလုပ်ထဲအာရုံရောက်သွားတာကြောင့် တစ်နေရာတည်းမှာ အချိန်အကြာကြီးထိုင်မိသွားပြီး ပြန်ထလိုက်တဲ့အခါ တင်ပါးကထုံသလိုလို၊ ကျင်သလိုလို၊ တင်းနေတာမျိုးတွေကို ခံစားရဖူးမှာပါ။ ထိုအခါမှာ မတ်မတ်ရပ်ဖို့မဖြစ်နိုင်တာကြောင့် လမ်းလျှောက်သည့်အခါ ခါးကိုအရှေ့ကိုင်းပြီး လမ်းလျှောက် ရပါတော့တယ်။

မလှုပ်မယှက်ဘဲ အကြာကြီးထိုင်ခြင်းဟာ တင်နဲ့ခြေထောက်တွေကို တင်းစေရုံသာမက မတ်တပ်ရပ်လိုက်သည့်အခါမှာတောင် ထိုနာကျင်မှုတွေက ဆက်လက်ကျန်ရှိနေမှာဖြစ်ပါတယ်။

ထိုင်တဲ့အချိန်လျော့ပြီး မကြာမကြာလှုပ်ရှားပေးပါ

Source: Shutterstock

အကယ်လို့ သင်ဟာရုံးမှာအနေများတယ်ဆိုရင်တောင် တစ်နေကုန်စားပွဲမှာထိုင်နေမယ့်အစား မကြာမကြာ ထပြီးလမ်းလျှောက်ပေးပါ။ ထိုင်နေတာက နာရီဝက်လောက်ဖြစ်ဖြစ် ၄၅ မိနစ်ဖြစ်ဖြစ်ရှိသွားပြီဆိုပါက ငါးမိနစ်လောက် မတ်တပ်ရပ်လမ်းလျှောက်ပြီး အနားယူပေးပါ။

ခြေထောက်လွှဲလေ့ကျင့်ခန်း

အရှေ့မှအနောက်၊ ဘယ်မှညာသို့ ခြေထောက်လွှဲပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်းက တင်ပါး၊ ခြေထောက်တို့ တင်းနေတာကို သက်သာစေမှာပါ။ ခြေထောက်လွှဲသည့်အခါမှာလည်း ခန္ဓာကိုယ်ကိုဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကိုအမှီအနေနဲ့ကိုင်ထားပါ။ ခြေထောက်တစ်ဖက်ကို အခါ ၂၀ လွှဲပေးရမှာဖြစ်ပြီး နောက်တစ်ဖက်ကိုလည်း ပုံစံတူပြုလုပ်ပါ။

ဆောင့်ကြောင်ထိုင်ခြင်း

ဆောင့်ကြောင်ထိုင်တာကတော့ အလွယ်ဆုံးပါပဲ။ တင်ပါးက ခြေသလုံးတွေနဲ့ထိတဲ့အထိ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခြေဖနောင့်နှစ်ခုကိုတော့ ကြမ်းပြင်မှာ သေချာဖိထားကာ ခါးကိုမတ်ထားပါ။ ထိုပုံစံအတိုင်း စက္ကန့်ခြောက်ဆယ် ၁ မိနစ်ကြာအောင်နေပေးပါ။

ခိုပုံလေ့ကျင့်ခန်း

ယောဂပြုလုပ်သူများအနေနဲ့ ခိုပုံလေ့ကျင့်ခန်းကို ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ စားပွဲကိုအသုံးပြုပြီး ခိုပုံစံဖြင့် အကြောဆန့်ခြင်းက ပြုလုပ်ရလွယ်ကူပြီး နေရာပေါင်းစုံက ကြွက်သားတွေကို အကြောဆန့်နိုင်အောင် ကူညီပေးပါတယ်။

ခြေထောက်တစ်ဖက်ကို စားပွဲပေါ်တင်ပြီး ဒူးကို ၉၀ ဒီဂရီဖြစ်အောင် ကွေးထားပါ။ လက်တစ်ဖက်ကို စားပွဲပေါ်တင်ပြီး နောက်တစ်ဖက်ကိုတော့ ခြေထောက်အားဖြစ်စေဖို့အတွက် ကိုင်ထားပေးပါ။ ပြီးရင်တော့ နာရီလက်တံ ၁၀ အနေအထားအတိုင်း ဘေးသို့ကိုင်းလိုက်ပြီး စက္ကန့် ကိုးဆယ်ကြာအောင်နေပေးပါ။ ထို့နောက် နာရီလက်တံ ၂ အတိုင်း ဘေးသို့စောင်းလိုက်ကာ နောက်ထပ် စက္ကန့် ၉၀ ကြာနေပါ။ နောက်ထပ်ခြေထောက်တစ်ဖက်ကိုလည်း ထိုနည်းတူပြုလုပ်ပါ။

ဒူးကွေးလေ့ကျင့်ခန်း

ဆိုဖာရှိပါက ဆိုဖာအသုံးပြုနိုင်ပြီး မရှိသောသူများအနေနဲ့ နံရံကိုအသုံးပြုနိုင်ပါတယ်။ ဒူးကိုကွေးလိုက်ပြီး ဆိုဖာအမှီ သို့မဟုတ် နံရံမှာကပ်ထားလိုက်ပါ။ အခြားခြေထောက်တစ်ဖက်ကိုတော့ ကြမ်းပြင်မှာထောက်ထားလိုက်ပါ။ ထိုပုံစံအတိုင်း လေးမိနစ်ကြာနေပြီး နောက်တစ်ဖက်ကိုလည်း ပုံစံတူပြုလုပ်ပါ။

Credit: www.artofmanliness.com