ယနေ့ခေတ်တွင် အဖြစ်အများဆုံးရောဂါများအနက် ဆီးချိုရောဂါလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်သလို အစားအသောက်နဲ့ နေ့စဉ်နေထိုင်မှုပုံစံတွေကြောင့်လည်း ဆီးချိုရောဂါခံစားရနိုင်ပါတယ်။ သွေးထဲမှာသကြားဓာတ်မြင့်မားနေသူများဟာ မိမိစားသုံးမယ့်အစားအစာကို အထူးဂရုပြုဖို့လိုအပ်ပါတယ်။ ဒါဆိုရင် သွေးထဲမှသကြားဓာတ်ကို လျော့ချပေးနိုင်မယ့် အစားအစာများက ဘယ်လိုအစားအစာဖြစ်မလဲဆိုတာ အတူတူဆက်ဖတ်ကြည့်ရအောင်နော်။

၁။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးထဲမှာ သွေးထဲကသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ပါဝင်တဲ့အတွက်ကြောင့် ဆီးချိုသမားများအနေနဲ့ မှီဝဲစားသုံးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

၂။ ဟင်းနုနွယ်

ဒီကမ္ဘာမှာ အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေလောက် ကျန်းမာရေးကို အထောက်အကူပြုနိုင်တာ မရှိပါဘူး။ အဲ့ဒီဟင်းသီးဟင်းရွက်တွေထဲမှာမှ ဟင်းနုနွယ်က ဗိုလ်စွဲထားပါတယ်။ ဟင်းနုနွယ်ထဲမှာ ဗီတာမင် စီ၊ သံဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဖောလစ်အက်စစ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့အပြင် အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ကာဗိုဟိုက်ဒြိုက်ပါဝင်မှုနည်းပါးတဲ့အတွက်ကြောင့် သွေးတွင်းမှသကြားဓာတ်ကို လျော့ချပေးနိုင်ပါတယ်။

၃။ ကြက်သွန်နီ

ဆီးချိုသမားများအနေနဲ့ ကြက်သွန်နီကို အစိမ်းလိုက်ပဲ စားစား၊ ကြော်ချက်ပြီးတော့ပဲ စားစား စားသုံးပေးနိုင်ပါတယ်။ ကြက်သွန်နီထဲမှပါဝင်တဲ့ ဒြပ်ပေါင်းက ခန္ဓာကိုယ်ရှိ သွေးတွင်းသကြားဓာတ်များကို လျော့ချပေးရာမှာ အထူးကောင်းမွန်ပါတယ်။

၄။ ပန်းဂေါ်ဖီစိမ်း

သွေးတွင်းသကြားဓာတ်မြင့်မားနေသူတွေက နှလုံးနဲ့ပတ်သက်တဲ့ရောဂါများကိုလည်း အလွယ်တကူခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါမခံစားရအောင် သွေးတွင်းသကြားဓာတ်ကို လျော့ချပေးဖို့ လိုအပ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာဆိုရင် သွေးထဲကသကြားဓာတ်ကို လျော့ချပေးတဲ့ ပိုဓာတ်ဆီယမ်နဲ့ ခရိုမီယမ်တို့ပါဝင်တဲ့အတွက်ကြောင့် ဆီးချိုသမားအတွက် အထူးသင့်လျော်ပါတယ်။

၅။ ဆလတ်ရွက်

ဆလတ်ရွက်ထဲမှာ ကိုလက်စထရောနဲ့ ကာဗိုဟိုက်ဒြိုက်ပါဝင်မှုနည်းပါးတဲ့အတွက်ကြောင့် သွေးတွင်းသကြားဓာတ်မြင့်မားနေမှုကို တိုက်ဖျက်ဖို့အကောင်းဆုံးပါပဲ။

၆။ သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်က အနံ့အရသာစူးရှတာကလွဲရင် သွေးထဲက သကြားဓာတ်ကို လျော့ချပေးနိုင်တဲ့ ဆေးဖက်ဝင်အစားအစာတစ်မျိုးဖြစ်ပါတယ်။

၇။ အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်က သွေးတွင်းသကြားဓာတ်မမြင့်မားစေဘဲ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ အုတ်ဂျုံမှုန့်ကို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ဈေးလည်းမကြီးတဲ့အပြင် အရသာလည်းကောင်းမွန်ပါတယ်။ အထူးသဖြင့် အဝလွန်သူများအတွက် ကိုယ်အလေးချိန်လျော့ချရာမှာလည်း ကူညီပေးနိုင်ပါတယ်။ အချိုဓာတ်လွန်ကဲတဲ့ သကြားအသုံးပြုမယ့်အစား အုတ်ဂျုံမှုန့်ကို အစားထိုးအသုံးပြုပြီး သွေးတွင်းသကြားဓာတ်ကို လျော့ချပေးနိုင်ပါတယ်။

Source: www.magforwomen.com