အမြဲတမ်းသန့်သန့်ရှင်းရှင်းနေပြီး လက်ဆေးရုံ လက်ဆေးပြီးတာနဲ့ လေမှုတ်စက်အသုံးပြုပြီး အခြောက်ခံရုံ၊ အိုးခွက် ပန်းကန်တွေကိုလည်း ဘေစင်ထဲမှာ သေချာဆေးကြောသန့်စင်ရုံနဲ့ ကျန်းမာရေးကိုမထိခိုက်နိုင်ဘူးလို့ ထင်ရင် မှားသွားပါလိမ့်မယ်။ သန့်စင်ဆေးကြောပြီးသား ကော်ဖီခွက်ကို အသုံးပြုတယ် ဆိုရင်တောင် ကော်ဖီစက်က ဘက်တီးရီးယားပိုးမွှားတွေနဲ့တော့ ထိတွေ့နေရပါသေးတယ်။

ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အလေ့အကျင့်မှားတွေကို ရှောင်ကြဉ်ဖို့အတွက် အခုဖော်ပြပေးမဲ့ အလေ့အကျင့်မှားလေးတွေကို အတူတူဆက်ဖတ်ကြည့်ရအောင်နော်။

၁။ ပန်းကန်ဆေးဘေစင်

ဘက်တီးရီးယားပိုးမွှားများ ပျော်မွေ့နေကြတဲ့နေရာကတော့ ပန်းကန်ဆေးဘေစင်ပဲဖြစ်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးဖို့အတွက်ဆိုရင်တော့ ပန်းကန်ဆေးပြီးတိုင်း အသားစိမ်း၊ ငါးစိမ်းနဲ့ ဟင်းသီးဟင်းရွက်တွေ ဆေးပြီးတိုင်းမှာ ပန်းကန်ဆေးကန်ကို ဆေးပေးဖို့ပါပဲ။

၂။ ရေနွေးနွေးနဲ့ လက်ဆေးခြင်း

ရေရဲ့အပူချိန်က ဘက်တီးရီးယားပိုးမွှားများကို မဖယ်ရှားပေးနိုင်ဘူးလို့ သုတေသနပညာရှင်များကပြောကြားပါတယ်။ ဒါ့အပြင် ရေပူနဲ့ လက်ဆေး လိုက်တဲ့အခါ အရေပြားရဲ့ဘက်တီးရီးယားရန်မှ ကာကွယ်နိုင်စွမ်းကို လျော့ကျသွားစေတဲ့အပြင် အရေပြားနီမြန်း၍ ရောင်ရမ်းခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။

၃။ မိတ်ကပ်လိမ်းပြီး အားကစားပြုလုပ်ခြင်း

တစ်ခါတလေမှာ ရုံးကအပြန် Gym ကိုတန်းသွားတဲ့အခါ အားကစားလုပ်ပြီးရင် ရေချိုးမှာပဲလေ မိတ်ကပ်ဖျက်တာက အလကားပဲဖြစ်မှာပေါ့လို့ တွေးမိတတ်ကြပါတယ်။ ဒါပေမဲ့ အားကစားလုပ်နေတဲ့အချိန်မှာ ချွေးထွက်ပြီး အသားအရည်သန့်စင်အောင်ပြုလုပ်ပေးပါတယ်။ အကယ်၍ မိတ်ကပ် လိမ်းထားမယ်ဆို ချွေးပေါက်လေးတွေ ပိတ်နေပြီး အဆိပ်အတောက်အညစ်အကြေးတွေလည်း ချွေးမှတဆင့်မထွက်သွားတော့ပဲ ခန္ဓာကိုယ်ထဲမှာပဲ ပိတ်မိနေပါတယ်။ ကြာလာရင် အရေပြားပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အားကစားမပြုလုပ်ခင် မိတ်ကပ်များကို ဖျက်ပစ်လိုက်ပါ။

၄။ လက်ဆေးပြီးနောက် လေမှုတ်စက်နဲ့ အခြောက်ခံခြင်း

လေမှုတ်စက်က ဘက်တီးရီယားများကို ပိတ်လှောင်ထားပြီး လေမှုတ်လိုက်တဲ့အခါ ဘက်တီးရီးယားများဟာ လေတွေနဲ့အတူ စီးမျောလာပြီး လက်နဲ့ အရေပြားပေါ်ကပ်ငြိလာနိုင်ပါတယ်။ ဒါ့ကြောင့် တစ်သျှူးအသုံးပြုခြင်းကသာ ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

၅။ ဈေးဝယ်ထွက်တဲ့အခါ စားစရာထည့်ဖို့အိတ်ကို တစ်ခါထက်ပိုအသုံးပြုခြင်း

တစ်ခါထက်ပိုအသုံးပြုတဲ့အိတ်မှာ ဘက်တီးရီးယားခိုအောင်းနိုင်မှု ၉၉ ရာခိုင်နှုန်းခန့်ပါဝင်ပါတယ်။ အသားစိမ်း၊ ငါးစိမ်းတွေကို သေချာထုပ်ပိုးထားရင် တောင်မှ ဘက်တီးရီးယားများက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေဆီ အလွယ်တကူ ကူးစက်ပျံနှံ့သွားပါတယ်။ ဒါ့ကြောင့် တစ်ခါသုံးစက္ကူအိတ်ကိုသာ အသုံးပြုခြင်း (သို့) အသုံးပြုပြီးတိုင်း အိတ်ကို လျှော်ဖွယ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။

၆။ စဉ်းနီတုံးတစ်ခုတည်း အသုံးပြုခြင်း

အသားစိမ်း၊ ငါးစိမ်းတွေလှီးထားတဲ့ စဉ်းနီတုံးတစ်ခုဟာ အိမ်သာကမုတ်ထက် ဘက်တီးရီးယားပါဝင်မှုနှုန်း အဆ ၂၀၀ ခန့်ရှိပါတယ်။ စဉ်းနီတုံးတစ်ခုတည်း အသုံးပြုမယ်ဆိုရင် အခန့်မသင့်ရင် အစာအဆိပ်သင့်နိုင်တဲ့အတွက်ကြောင့် ဟင်းသီးဟင်းရွက်လှီးတဲ့ စဉ်းနီတုံးသပ်သပ် ထားသင့်ပါတယ်။

Source: Brightside.me