အမေရိကန်နိုင်ငံက ဆေးတက္ကသိုလ်တစ်ခုရဲ့လေ့လာချက်အရ အရွယ်ရောက်ပြီးသားလူတစ်ယောက် တစ်နေ့ကို ဖောလစ်အက်စစ်ဓာတ် ၄၀၀ မိုက်ခရိုဂရမ် မှီဝဲသင့်တယ်လို့ ပြောကြားပါတယ်။ Vitamin B9 (သို့) ဖောလစ်အက်စစ်က သွေးနီဥဆဲလ်များကို ထုတ်လုပ်ပေးဖို့ ကူညီပေးပါတယ်။

ခန္ဓာကိုယ်မှာ ဖောလစ်အက်စစ်ဓာတ် မရရှိတဲ့အခါ သွေးအားနည်းရောဂါခံစားရပြီး ခန္ဓာကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေက အောက်စီဂျင်ကို လုံလောက်စွာမရရှိတော့တဲ့အတွက်ကြောင့် အလုပ်ကောင်းကောင်းမလုပ်နိုင်ကြတော့ပါဘူး။ သင့်ခန္ဓာကိုယ်က ဖောလစ်အက်စစ်ဓာတ် လိုအပ်နေကြောင်း ဘယ်လိုအသိပေးလဲဆိုရင်တော့….

၁။ မှတ်ဉာဏ်နှင့်သက်ဆိုင်သော ပြဿနာများ

ဖောလစ်အက်စစ်က အာရုံကြောစနစ်အတွက်မရှိမဖြစ်လိုအပ်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ ဖောလစ်အက်စစ်ဓာတ် မရရှိတဲ့အခါ အာရုံစူးစိုက်မရခြင်း၊ အလွယ်တကူ မေ့လျော့တတ်လာခြင်းနဲ့ စိတ်ကျရောဂါကိုပါ ခံစားရနိုင်ပါတယ်။ အကယ်၍ အချိန်မှီ မကုသဘူးဆိုရင် အယ်ဇိုင်းမားရောဂါခံစားရနိုင်ပြီး အချို့ဆို ရူးသွပ်သွားနိုင်ပါတယ်။

၂။ ခန္ဓာကိုယ် နာကျင်ကိုက်ခဲခြင်း

ဖောလစ်အက်စစ်ဓာတ်မရရှိဘဲ သွေးအားနည်းတဲ့အခါ ဦးနှောက်ကလည်း အောက်စီဂျင်ဓာတ်ကို လုံလောက်စွာမရရှိတော့ပါဘူး၊ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ဦးနှောက်သွေးကြောများက ရောင်ရမ်းလာပြီး ခေါင်းကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။ အခြားအင်္ဂါအစိတ်အပိုင်းတွေကလည်း အောက်စီဂျင်မရတဲ့အတွက် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ရင်ဘတ်အောင့်ခြင်း၊ ခြေထောက်နာကျင်ကိုက်ခဲခြင်းက ခန္ဓာကိုယ်မှာ သံဓာတ်ခမ်းခြောက်နေလို့ပဲဖြစ်ပါတယ်။

၃။ အသားအရည် အရောင်ဖျော့တော့ခြင်း

သွေးနီဥထဲက ဟေမိုဂလိုဘင်လို့ခေါ်တဲ့ ပရိုတိန်းဓာတ်က အောက်စီဂျင်ကို အဆုတ်နဲ့ အခြားအင်္ဂါအစိတ်အပိုင်းဆီသို့ ပို့ဆောင်ပေးဖို့ တာဝန်ယူရပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ ဖောလစ်အက်စစ်ဓာတ်မရှိတဲ့အခါ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို အောက်စီဂျင်ထောက်ပံ့ပေးဖို့အတွက် သွေးနီဥလုံလောက်စွာမရှိတော့ပါဘူး။ အဲ့ဒီအခါမှာ အသားအရည်က သွေးမရှိသလို ဖျော့တော့သွားပြီး ခြေလက်များကလည်း ခံစားချက်မဲ့ကာ ထုံလာပါတော့တယ်၊ ဒါ့အပြင် ကြွက်သားများလည်း အားနည်းလာပြီး အလွယ်တကူ ပင်ပန်းနွမ်းနယ်လာပါလိမ့်မယ်။

၄။ အမောမခံနိုင်ခြင်း

သွေးနီဥဆဲလ်တွေ နည်းပါးခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင်ပမာဏလည်း လျော့ကျလာပြီး အလွယ်တကူမောပန်းလာပါတယ်။ မူးဝေခြင်း၊ သတိလစ်မေ့လဲခြင်းအပြင် အခြေအနေဆိုးပါက နှလုံးနဲ့ပတ်သက်တဲ့ရောဂါများကိုလည်း ခံစားရနိုင်ပါတယ်။

၅။ အစာအိမ်ပြဿနာ

အစာ စားပြီးတဲ့နောက်မှာ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ အစာအိမ်အောင့်ခြင်း နာခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း လက္ခဏာတွေက ဖောလစ်အက်စစ်ဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေပါပဲ။ ဒီ့ထက်အခြေအနေဆိုးလာမယ်ဆိုရင် ခံတွင်းပျက်ပြီး အစားစားချင်စိတ်ကုန်ခမ်းကာ ကိုယ်အလေးချိန်ကျဆင်းတဲ့ရောဂါခံစားရနိုင်ပါတယ်။

ဘယ်လိုကာကွယ်ကုသမလဲ

အကယ်၍ အထက်ဖော်ပြပါ ကျန်းမာရေးပြဿနာများထဲမှ တစ်ခုခုကိုခံစားနေရပါက ဆရာဝန်နဲ့ အချိန်မှီကုသဖို့လိုအပ်ပြီး ဆရာဝန်နဲ့တိုင်ပင်ကာ သင့်ရဲ့စားသောက်ပုံစနစ်ကို ပြောင်းလဲလိုက်ပါ။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကညွှတ် စတဲ့အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ စားသုံးခြင်း၊ သံပုရာသီး၊ ရှောက်သီး၊ ပဲတောင့်ရှည်၊ မှို၊ အစေ့အဆံများကို စားပေးခြင်းဖြင့်လည်း ဖောလစ်အက်စစ်ဓာတ်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

Source: Brightside.me