ဆံပင် ထူထူ ရှည်ရှည်လေးက အမျိုးသမီးတွေ လိုချင်တဲ့ အိမ်မက်တစ်ခုပါ။ ဒါကြောင့် ဆံပင်တွေ အထွေးလိုက် အပြုံလိုက်ကျွတ်တဲ့အခါမှာတော့ စိတ်ရှုပ်စရာ ကောင်းပါတယ်။

ဆံပင်ကျွတ်တာတွေကို လျော့နည်းအောင် ပြုလုပ်နိုင်တဲ့ သဘာ၀ ဆေးနည်းကို ဝေမျှချင်ပါတယ်။

ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်း

  • အာဟာရ ပြည့်ဝမှုမရှိခြင်း
  • စိတ်ဖိစီးမှု များခြင်း
  • စတီးရွိုက်ပါတဲ့ ဆေးလိုမျိုးတွေနဲ့ ဆေးကုသမှုခံယူရခြင်း
  • စိတ်ဆင်းရဲ၊ စိတ်ပူပန်မှု

  • အသက်အရွယ်ကြီးမြင့်လာခြင်း
  • နာတာရှည် ရောဂါ
  • ဟော်မှုန်း ညီညွတ်မှုမရှိ
  • မျိုးရိုးဗီဇ

  • ဆေးလိပ် အလွန်အကျွံသောက်ခြင်း
  • သိုင်းရွိုက် လို ရောဂါများကြောင့်
  • ဗီတာမင် ဘီ 6 နဲ့ ဖော်လစ် အက်ဆစ် နည်းပါးခြင်း
  • ဆံပင် ကောက်ခြင်း၊ ဖြောင့်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။

သဘာဝဆေးနည်း

ရှားစောင်းလက်ပက်

ဦးရေပြားကို ရှားစောင်းလက်ပက် အနှစ်တွေကို လိမ်းပေးပါ။ ဦးရေပြား ပိုးဝင်ခြင်း ဒါမှမဟုတ် ဦးရေပြား ခြောက်သွေ့ခြင်းကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ ဆံပင်ကျွတ်ခြင်းကို သက်သာ ပျောက်ကင်းစေပါတယ်။ ရှားစောင်းလက်ပက် ဦးရေပြားမှာ လိမ်းပေးခြင်း နာရီအနည်းငယ်လောက် ထားလိုက်ပါ။ ပြီးမှ ရေနွေးနွေးနဲ့ ဆေးချလိုက်ပါ။

ဆီနဲ့ နှိပ်နယ်ပေးခြင်း

ဦးရေပြားနဲ့ ဆံပင်တွေကို ဆီနွေးနွေးလေးနဲ့ မကြာခဏ နှိပ်နယ်ပေးပါ။ အဲ့လို နှိပ်နယ်ပေးရင် ဦးရေပြားမှာ သွေးစီးဆင်းမှုကို ကောင်းစေပါတယ်။ အုန်းသီးဆီကတော့ တခြား ဆီအမျိုးအစားတွေ ထက်ပိုပြီး ကောင်းပါတယ်။ သံလွင်ဆီလည်း သုံးလို့ရပါတယ်။

ကြက်ဥ

ကြက်ဥမှာ ဆာလာလ်ဖာ၊ သံဓာတ်၊ ပရိုတင်းဓာတ်၊ ဖော့စဖရတ်၊ အိုင်အိုဒင်းနဲ့ ဇန့် ဓာတ်တို့ ကြွယ်၀ စွာပါဝင်ပါတယ်။ ဒါက ဆံပင် ပြန်လည် ရှင်သန်နိုင်ဖို့ အကောင်းဆုံး သဘာဝဆေးနည်းဖြစ်ပါတယ်။ သံလွင်ဆီနဲ့ ရောပြီး လိမ်းပေးရင် ပိုကောင်းပါတယ်။

ကြက်ဥ အနှစ်နဲ့ ပျားရည်နဲ့ ရောပြီးလည်း လိမ်းပေးလို့ရပါတယ်။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့မှာ ဆာလာလ်ဖာဓာတ် တို့ ကြွယ်ဝစွာပါဝင်ပြီး ဆံပင် သန်စွမ်းမှုကို အထောက်အကူပြုပါတယ်။ ကြက်သွန်နီကို အရင်ဆုံး နုတ်နုတ်ဆင်းပြီးတော့ ကြက်သွန်အရည်ထွက်အောင် လုပ်ပါ။ ပြီးရင် ကြက်သွန်အရည်ကို ဦးရေပြားကို ပွတ်ပေးပြီး ခေါင်းလျှော်ရည် ပျော့ပျော့လေးနဲ့ လျှော်ပေးပါ။

ပျားရည်နဲ့ ကြက်သွန်နီနဲ့ ရောပြီး ဦးရေပြားမှာ လိမ်းပေးလို့ရပါတယ်။

ကြက်သွန်ဖြူကိုလည်း အုန်းသီနဲ့ ပြုတ်ပြီး ဦးရေပြားမှာ လိမ်းပေးပါ။ ၂ ပတ်ကနေ ၃ ပတ်အတွင်း ထူးခြားလာပါလိမ့်မယ်။