အရသာရှိတဲ့ အစားအစာတွေ၊ လက်ထပ်ခြင်း နဲ့ ကိုယ်အလေးချိန်တက်တာတွေက အိမ်ထောင်သည်ဘဝမှာ အမြဲတမ်း တတွဲတွဲ အတူရှိနေပါတယ်။ အိမ်ထောင်သက် ပထမနှစ်မှာ ၄ ပေါင်မှ ၅ ပေါင်အထိ တက်လာပြီး အတူတူနေကြသူများအတွက်ကတော့ သုံးလအတွင်းမှာ ၃၁ ပေါင်မှ ၄၁ ပေါင်အထိ တက်လာနိုင်ပါတယ်။

ယနေ့ခေတ်မှာတော့ ဝလာတာက ဆိုးရွားတဲ့ကိစ္စတစ်ခုလို့တော့ မသတ်မှတ်ကြပေမယ့် အသက်ကြီးလာတာနဲ့အမျှတော့ ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ အိုမင်းလာသည့်အခါ ဇီဝဖြစ်စဉ်ကလည်း နှေးကွေးလာပြီး ဝိတ်တက်တာနဲ့အတူတူ အခြားရောဂါတွေလည်း ပူးတွဲပြီး ရောက်လာနိုင်ပါတယ်။

ဝိတ်ကျတာက ကောင်းတယ်ဆိုပေမယ့် တခါတလေမှာတော့ ကိုယ်နဲ့အတူ ကိုယ့်ရဲ့ချစ်ရသူကိုပါ ဝိတ်ကျစေပြီး ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်စေဖို့အတွက်ကတော့ အနည်းငယ်အခက်တွေ့နိုင်ပါတယ်။

ဒါပေမယ့် အခုဖော်ပြပေးသွားမယ့် အချက်လေးတွေကို မှတ်သားထားမယ်ဆိုရင်တော့ သူ့ကိုပါဂရုစိုက်ပေးနိုင်မှာဖြစ်ပါတယ်။

၁။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို အိမ်မှာဝယ်ဖြည့်ထားပါ

ကွတ်ကီးတွေ၊ မုန့်ကြွပ်တွေ၊ သကြားပါတဲ့ သရေစာတွေနဲ့ အဆီအစိမ့်စာတွေကို ဝယ်ခြင်းထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုသာ ရွေးချယ်ဝယ်ယူပါ။ အိမ်ရောက်တဲ့အခါမှာလည်း အရောင်အသီးစုံလင်တဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို မျက်စိမြင်သာရာမှာထားပါ။ ဟင်းသီးဟင်းရွက်အစိမ်းတွေ၊ ကြက်ဥပြုတ်တွေ၊ အဆီမပါဝင်တဲ့ ဒိန်ချဉ်တွေ၊ အစေ့အဆန်တွေကို အစားထိုးပြီးစားသုံးပါ။

၂။ အာဟာရပြည့်ဝတဲ့ အစားအသောက်များကိုသာ ပြင်ဆင်စားသုံးပါ

ကျန်းမာရေးကောင်းဖို့အတွက် ဟန်ချက်ညီမျှတဲ့ အစားအသောက်တွေကို ပြင်ဆင်စားသုံးဖို့လိုအပ်ပါတယ်။ အာလူး၊ ပါစတာ၊ ထမင်း၊ နို့ထွက်ပစ္စည်းများ၊ ပဲများ၊ ငါး၊ ကြက်ဥတို့ကို ထည့်သွင်းစားသုံးပြီး ရေများများသောက်သုံးပါ။ ဒါ့အပြင် အစာစားတိုင်းမှာ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်းစားသုံးပေးပါက ကိုယ်အလေးချိန်လျော့ချဖို့အတွက်လည်း အကူအညီဖြစ်စေပါတယ်။

၃။ အတူတူချက်ပြုတ်စားသောက်ပါ

အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်သည့်အခါ တစ်ယောက်တည်းထက် နှစ်ဦးသားအတူတူ ချက်ပြုတ်ခြင်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေနဲ့ ပေါင်းစပ်မှုတွေကို သူ့ကိုပါ စိတ်ဝင်စားလာအောင် လုပ်ဆောင်ပေးရာကျပါတယ်။ ထိုမှတဆင့် အစားအသောက်တွေရဲ့ အကျိုးကျေးဇူးတွေကိုလည်း သိရှိအောင် တခါတည်းပြောပြပေးနိုင်ပါသေးတယ်။

၄။ ပန်းကန်အသေးလေးတွေကို အသုံးပြုပါ

အစားစားတော့မယ့်အခါဖြစ်ဖြစ်၊ ထမင်းချိုင့်ထည့်တဲ့အခါဖြစ်ဖြစ် ပန်းကန်အသေးတွေကို အသုံးပြုပါ။ အများကြီးဆံ့တဲ့ ပန်းကန်အကြီးထဲမှာ ထည့်ပြီးစားသုံးခြင်းက အစားအများကြီးစားမိစေတာကြောင့် ဘာစားစား ပန်းကန်အသေးနဲ့သာ စားသုံးပါ။

၅။ ရေဗူးအသုံးပြုပါ

ရေများများသောက်သုံးခြင်းက ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝအတွက် အဓိကကျပြီး ကယ်လိုရီကိုလျော့ကျစေတာကြောင့် ကိုယ်အလေးချိန်တက်နှုန်းကို နည်းပါးစေမှာဖြစ်ပါတယ်။ ရေဟာ ကယ်လိုရီလုံးဝမပါဝင်သည့်အတွက် ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်တင်းပေးကာ အဆိပ်အတောက်တွေကို ပြေစေပါတယ်။ လိုအပ်တဲ့အားအင်တွေကိုလည်း ပြည့်ဝစေကာ အချိုဓာတ်များတဲ့ အအေးတွေကိုလည်း မသောက်မိစေတော့ပါဘူး။

၆။ အတူတူလေ့ကျင့်ခန်းလုပ်ပါ

တစ်ယောက်တည်းထက် နှစ်ဦးသားအတူတူလေ့ကျင့်ခန်းလုပ်ခြင်းက အားအင်ကို ပိုမိုမြှင့်တင်ပေးနိုင်ပြီး လေ့ကျင့်ခန်းလုပ်ဖို့အတွက် ပိုပြီးတော့ စိတ်ဓာတ်တက်ကြွစေပါတယ်။ ကိုယ့်ရဲ့လက်တွဲဖော်နဲ့အတူတူ လေ့ကျင့်ခန်းလုပ်မယ်ဆိုပါက နှစ်ဦးတွဲပြီးလုပ်ရတဲ့ လေ့ကျင့်ခန်းတွေကိုပါ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အကယ်လို့ Gym မှာသွားပြီး လေ့ကျင့်ခန်းလုပ်ရတာကို မကြိုက်ဘူးဆိုပါက တောင်တက်ခြင်း၊ ရေကူးခြင်းနဲ့ ညနေခင်းလမ်းလျှောက်ထွက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

၇။ စောစောစီးစီး အိပ်ရာဝင်ပါ

ကိုယ်အလေးချိန်လျော့ချဖို့အတွက် အိပ်ရေးဝဝအိပ်ဖို့က အလွန်အရေးကြီးပေမယ့် ညဖက်မှာ တော်တော်နဲ့အိပ်မပျော်တတ်ဘူး၊ မနက်ခင်းမှာ စောစောထတတ်လို့ အိပ်ချိန် ၆ နာရီထက်လျော့နည်းပါက ကိုယ်အလေးချိန်တက်ဖို့က သေချာနေပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ တစ်ညလျှင် ၇ နာရီမှ ၉  နာရီအထိ အိပ်ချိန်လိုအပ်ပြီး ညအိပ်ရာဝင်ခါနီးမှာ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတွေကို မသုံးဖို့အကြံပြုချင်ပါတယ်။

Credit: BrightSide