ကျောက်ကပ်နဲ့ပတ်သက်လာရင် ရောဂါတွေဟာ ဘာလက္ခဏာမှမပြဘဲနဲ့ နောက်ကျတော့မှ ခံစားလာရတာပါ။ ဒါကြောင့် နောက်ကျမှ အချိန်မမှီတာ မျိုးတွေ မဖြစ်ရလေအောင် အစောကြီးကတည်းက ကြိုတင်သတိပြုမိဖို့ လိုအပ်ပါတယ်။

ဒါကြောင့် MyHealth Myanmar ရဲ့ စာဖတ်ပရိတ်သတ်များအတွက် ကျောက်ကပ်ပြဿနာတွေကို ညွှန်ပြနေတဲ့ လက္ခဏာတွေကို ဖော်ပြပေးချင် ပါတယ်။

၁။ ယားယံခြင်းနှင့် အသားအရေခြောက်သွေ့ခြင်း

သွေးထုတ်လုပ်မှုနှင့် ခန္ဓာကိုယ်ရဲ့ သတ္တုဓာတ်ဟန်ချက်ညီဖို့အတွက် ထောက်ပံ့ပေးတဲ့အခါမှာ အနှောင့်အယှက်ဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်ဖို့အတွက် ကျောက်ကပ်က ဆက်တိုက်အလုပ်လုပ်နေဖို့လိုပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ အသားအရေယားယံခြင်း သို့မဟုတ် ခြောက်သွေ့ခြင်း၊ နီရဲခြင်းတို့လို လက္ခဏာတွေဟာ ကျောက်ကပ်သေချာအလုပ်မလုပ်တော့ဘူးဆိုတာကို ညွှန်ပြနေတာဖြစ်နိုင်ပါတယ်။

၂။ ရာသီတိုင်းမှာ ချမ်းတုန်နေခြင်း

ချမ်းတုန်ခြင်း၊ ပင်ပန်းခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အိပ်မပျော်ခြင်းနှင့် အားနည်းခြင်းတို့ဟာ လူအများနဲ့ရင်းနှီးနေတဲ့ သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ကျောက်ကပ်ပြဿနာတွေဟာ အရိုးခြင်ဆီထဲက သွေးနီဥတွေကို ထုတ်လုပ်မှုကို အားဖြစ်စေတဲ့ Erythropoietin ဟော်မုန်းထုတ်လုပ်မှုကို နှေးကွေးစေပါတယ်။ နာတာရှည်သွေးအားနည်းရောဂါဟာ ကျောက်ကပ်သေချာအလုပ်မလုပ်တော့ဘူးဆိုတာကို ပြသနေတဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

၃။ ခံတွင်းနံ့ဆိုးခြင်း

ခံတွင်းနံ့ဆိုးတာက ရောဂါပေါင်းစုံကြောင့် ဖြစ်ပွားနိုင်ပေမယ့် ထိုအထဲမှ အဓိကအကြောင်းအရင်းကတော့ ဆီးလမ်းကြောင်းမှာ ပိုးဝင်ခြင်းကြောင့်ပါ။ လူတစ်ယောက်မှာ ကျောက်ကပ်ပြဿနာတွေခံစားရတဲ့အခါ သူတို့ရဲ့ဇီဝဖြစ်စဉ်ပစ္စည်းတွေဟာ ကိုယ်တွင်းကနေ မြန်မြန်ဆန်ဆန် မထွက်သွားတဲ့ အတွက်ကြောင့် ဆီးလမ်းကြောင်းထဲဝင်သွားရာမှတဆင့် ခံတွင်းမှာ အနံ့ဆိုးဖြစ်သွားစေပါတယ်။

၄။ ရောင်ရမ်းခြင်း

ရောင်ရမ်းခြင်းဟာ ခြေထောက်၊ မျက်နှာနှင့် မျက်ခွံတွေမှာ ဖြစ်ပွားတတ်ပြီး နောက်ပိုင်းမှာတော့ တစ်ကိုယ်လုံးမှာ ပြန့်ပြီးဖြစ်ပွားတတ်ပါတယ်။ အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန်ဖြစ်ပွားတတ်ပြီး တစ်ခါတလေမှာ မျက်နှာသွေးဖျော့တော့ခြင်း၊ အသားအရေခြောက်သွေ့ခြင်းတွေပါ အတူဖြစ်လာတတ်ပါတယ်။

၅။ ကြွက်တက်ခြင်း

တခါတလေမှဖြစ်တတ်တာမဟုတ်ဘဲ နာတာရှည်ဖြစ်တတ်တဲ့ ကြွက်တက်ခြင်းက ခန္ဓာကိုယ်အတွင်းမှာ လျှပ်လိုက်ရည်ဟန်ချက်မညီခြင်းကို ညွှန်ပြနေတာဖြစ်နိုင်ပါတယ်။ ကြွက်သားတွေ တည်ဆောက်ရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် လျော့ကျလာသည့်အခါ ကြွက်တက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

၆။ သွေးပေါင်တက်ခြင်း

သွေးပေါင်တက်ခြင်းကလည်း ကျောက်ကပ်တွေအပေါ်မှာ မကောင်းတဲ့သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ သွေးကြောတွေကို ပျက်စီးစေပြီး ကျောက်ကပ်အလုပ်မလုပ်မှုကို ပေါ်ပေါက်စေနိုင်ပါတယ်။ သွေးစီးဆင်းမှုအလွန်ပြင်းထန်သည့်အခါ သွေးကြောတွေက ဆန့်ထွက်လာပြီး တဖြည်းဖြည်းအားလျော့စေတာကြောင့် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့အတွက် ကျောက်ကပ်မှ သေချာအလုပ် မလုပ်နိုင်တော့ပါဘူး။

Credit: BrightSide